မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အိုဆာဆူနာတို့ရဲ့ ကိုပါဒယ်ရေး ဗိုလ်လုပွဲကတော့ ပွဲမစခင်ကတည်းက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာလည်း ဗီနီရှပ်စ်ကို ပစ်မှတ်ထားကစားခဲ့ပြီး ဗီနီရှပ်စ်နဲ့ ပြိုင်ဘက်ကစားသမားတွေလည်း ထိပ်တိုက်တွေ့ခဲ့ကြကာ ဥမင်လိုဏ်ခေါင်းထဲအထိ ရန်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ဗီနီရှပ်စ်ဟာ ကွင်းအတွင်း ပွဲမစခင် နှစ်ဖက် ကစားသမားတွေ လက်ဆွဲနှုတ်ဆက်တဲ့နေရာမှာလည်း ဒိုင်လူကြီးတွေကို နှုတ်ဆက်ခဲ့ခြင်းမရှိဘဲ ထွက်ခွာသွားခဲ့ပါတယ်။ ပွဲအစ (၂) မိနစ်ကတည်းက ရိုဒရီဂိုက ဗီနီရှပ်စ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ရီးရဲလ်မက်ဒရစ်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။
အဲ့ဒီနောက် ဒုတိယပိုင်းစပြီး မကြာခင် ပွဲကစားချိန် (၅၈) မိနစ်မှာ အိုဆာဆူနာက တော်ရိုရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရပေမယ့် မိနစ် (၇၀) မှာတော့ ရိုဒရီဂိုရဲ့ သွင်းဂိုးနဲ့ပဲ ရီးရဲလ်မက်ဒရစ်တို့ ပွဲအပြီးမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိကာ သူတို့အတွက် အကြိမ် (၂၀) မြောက် ကိုပါဒယ်ရေး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့နောက် ဘန်ဇီမာက အသင်းနဲ့အတူ ဆုဖလား အများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် မာဆယ်လိုရဲ့ စံချိန် (၂၅) ကြိမ်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်ကြယ်ပွင့် ကာမာဗင်ဂါကလည်း အသက် (၂၀) မှာတင် ရီးရဲလ်မက်ဒရစ်နဲ့အတူ ရနိုင်သမျှ ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ ဒီရာသီမှာ လာလီဂါမျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဘာစီလိုနာက တစ်ပွဲနိုင်ရုံနဲ့ လာလီဂါချန်ပီယံဖြစ်တော့မှာပါ။ ချန်ပီယံလိဂ်မှာတော့ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး ကိုပါဒယ်ရေးနဲ့အတူ နောက်ထပ် ဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ဦးမလား စောင့်ကြည့်ရပါလိမ့်မယ်။