ဘာစီလိုနာကတော့ လေဆိပ်မှာ တကွက်ပြသွားခဲ့တာပါ။

ဘာစီလိုနာဟာ လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း မနေ့က တရားဝင်ကြေညာခဲ့ပါတယ်။ ဒီကစားသမားဟာ အပြောင်းအရွှေ့ကိစ္စရပ်တွေကို အပြီးသတ်ဖို့အတွက် မနေ့က ဘာစီလိုနာမြို့ကို ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာကလည်း လေဆိပ်မှာ ရာဖင်ဟာအတွက် လှည့်ကွက်တခု အသုံးပြုခဲ့ပါတယ်။



ကတ်တလန်အခြေစိုက်အသင်းဟာ ရာဖင်ဟာနဲ့ ချွတ်စွပ်တူတဲ့ လူတယောက်ကို ကြိုတင်ငှားရမ်းထားခဲ့ပြီး အဝတ်အစား၊ မျက်မှန်နဲ့ဦးထုပ်ကအစ ရာဖင်ဟာနဲ့ အရောင်မတူတပုံစံတည်း ဝတ်ဆင်စေခဲ့ပါတယ်။ မျက်မှန်လည်းတပ်၊ ဦးထုပ်လည်းဆောင်းထားတဲ့နောက် ဘယ်သူဘယ်ဝါမှန်း ကွဲကွဲပြားပြားမသိရတာကြောင့် သတင်းမီဒီယာတွေ၊ ပရိသတ်တွေက ရာဖင်ဟာလိုမျိုး ဟန်ဆောင်ထားတဲ့ ဒီပုဂ္ဂိုလ်ထွက်လာချိန်မှာ သူ့ကိုသာဝိုင်းဝန်းအာရုံစိုက်ခဲ့ကြပါတယ်။

ဒီအချိန်မှာပဲ ဦးထုပ်ဆောင်း၊ မျက်မှန်တပ်ပြီး ဘာစီလိုနာစပို့ရှပ်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားတဲ့ တကယ့် ရာဖင်ဟာအစစ်က လေယာဥ်ပေါ်ကဆင်းလာပြီးနောက် သူ့ကို ဘယ်သူကမှသတိမထားမိဘဲ အခြားလမ်းတလမ်းကနေ တယောက်တည်း အေးအေးလူလူနဲ့ လေဆိပ်ထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဘာစီလိုနာကတော့ ကြံကြံဖန်ဖန်နည်းလမ်းနဲ့ ရာဖင်ဟာကို ကြိုဆိုခဲ့တယ်လို့တောင်ဆိုရမှာဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ဒီလုပ်ရပ်အပေါ်မှာတော့ ပရိသတ်တွေက ရာဖင်ဟာတောင်းဆိုတာကြောင့် ဒီလိုလုပ်ခဲ့ရတာဖြစ်ကြောင်းဆိုနေကြသလို အချို့ကလည်း ဘာစီလိုနာအနေနဲ့ ရာဖင်ဟာအတွက် လုံခြုံရေးငှားရမ်းပေးဖို့ ငွေကြေးမရှိတာကြောင့် အခုလို ကြံစည်ခဲ့တယ်လို့လည်း နောက်ပြောင်နေကြပါတယ်။ ဘာစီလိုနာဟာ ရာဖင်ဟာအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို (၅၈) သန်း ပေးချေရမှာပါ။

ဒီကစားသမားကို ခေါ်ယူဖို့ ချဲလ်ဆီးက အရင်ဆုံး လိဒ်စ်နဲ့ သဘောတူညီခဲ့တာဖြစ်ပေမယ့် ရာဖင်ဟာကိုယ်တိုင်က ဘာစီလိုနာကိုသာ ပြောင်းရွှေ့ချင်ခဲ့တာကြောင့် လိဒ်စ်နဲ့ဘာစီလိုနာအကြား နောက်ဆုံးအချိန်အထိ ကြိုးစားညှိနှိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က