တစ်ပတ်ကို တစ်ရက် ကျွေးမွေးလှူးဒါန်းခြင်းကနေ စတင်ကာရာသက်ပန် လှူဒါန်းသွားဖို့ ရည်ရွယ်ထားတာပါ။

မော်လမြိုင်မြို့က နဂါးမောက်စေတီမြတ် ပရဝုဏ်အတွင်းမှာ ဒီဇင်ဘာလ (၅)ရက်နေ့က စတင်ပြီး အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ကာ စတုဒီသာအလှူကျင်းပပြုလုပ်ခဲ့ပါတယ်။

photo- Zin Moe

ဆရာတော်တွေရဲ့ ဦးဆောင်မှုနဲ့ အတူကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး တစ်ပတ်မှာ တစ်ရက်ကို အပတ်စဉ်ကျွေးမွေးလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ (၅)ရက်နေ့ကစပြီး ပထမဆုံးရက်အနေနဲ့ စတင်ကျွေးမွေးပါတယ်။ အခုလိုလုပ်ရတဲ့ ရည်ရွယ်ကတော့ ရှင်းပါတယ်ဗျာ ။ နိုင်ငံစီးပွါးရေးအခက်အခဲဖြစ်နေချိန် အလုပ်အကိုင်တွေမရှိတဲ့အချိန်မှာ မရှိဆင်းရဲသား အခြေခံလူတန်းစားတွေအတွက်ရည်ရွယ်တာပေါ့။ ကျွန်တော်တို့ရဲ့ အလှူလေးကနေ သူတို့အတွက် ထမင်းတစ်နပ်စားဖို့ အဆင်ပြေစေချင်တာပါ” လို့ စတုဒီတာအလှူမှာ ပါဝင်စီစဉ်ဆောင်ရွက်ခဲ့တဲ့ ကိုဇင်မိုးက Duwun ကိုပြောပါတယ်။

ဒီအလှူလေးကိုတော့ တစ်ပတ်ကို တစ်ရက် ကျွေးမွေးလှူးဒါန်းခြင်းကနေ စတင်ကာရာသက်ပန် လှူဒါန်းသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

စတုဒီသာကျွေးမွေးဖို့အတွက် သီးသန့်အလှူခံတာမျိုးတော့မဟုတ်ဘဲ ဘုရားပရဝဏ်အတွင်းမှာပဲ စတုဒိသာအလှူအတွက် အလှူခံပုံးထားရှိထားပြီး စေတနာရှိတဲ့သူတွေအနေနဲ့ ကိုယ်တတ်နိုင်သလောက် လှူဒါန်းနိုင်မျိုးလေးကိုပဲ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

photo- Zin Moe

“ ကျွန်တော်တို့က ဒီအလှူအတွက်ခေါင်းစဉ်တပ်ပြီး အလှူခံတာမျိုးတော့မလုပ်ဘူး။ စေတနာရှိတဲ့သူတွေလှူလို့ရအောင်လို့တော့ အလှူခံပုံးလေးသီးသန့်ထားပေးပါမယ်။ အခုလိုစတုဒီသာအလှူတွေနဲဲ့ တန်ဖိုးနည်းထမင်းတွေကို နေရာတော်တော်များများမှာ အခုတွေ့လာရတယ်။ ကျွန်တော်တို့ စတုဒီသာအနေနဲ့ ကျွေးလိုက်တာက တချို့က ထမင်းတစ်နပ်အတွက် ကျပ် (၅၀၀)(၆၀၀)တောင် မတတ်နိုင်ကြဘူး။ အဲဒါကြောင့် စတုဒီသာအလှူလေးပဲလုပ်လိုက်တာ။ ဘုရားဖူးလာတဲ့သူတွေလည်း ဝင်ရောက်သုံးဆောင်လို့ရတာပေါ့”လို့ ကိုဇင်မိုးက ပြောပါတယ်။ 

မော်လမြိုင်က စတုဒီသာအလှူကိုတော့ တစ်ပတ် တစ်ရက်ကနေ စတင်ကာ နောက်ပိုင်း အဆင်ပြေလာတဲ့အခါမှာ တစ်ပတ်ကို နှစ်ရက် ၊သုံးရက်ကနေ နေ့စဉ်ကျွေးမွေးခြင်းဖြင့် ရာသက်ပန်လှူဒါန်းနိုင်အောင်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ 

ဘုရားပေါ်မှာ ပြုလုပ်တဲ့အလှူဖြစ်လို့ စတုဒီသာကျွေးမွေးရာမှာလည်း သက်သက်လွတ်ဟင်းလျာတွေနဲ့သာ ကျွေးမွေးသွားမှာလည်းဖြစ်ပါတယ်။

မနေ့က လှူဒါန်းခဲ့တဲ့ စတုဒီသာအလှူမှာဆိုရင် လူဦးရေသတ်မှတ်ထားတာမျိုးမဟုတ်ဘဲ ဆန်(၂)တင်းချက်ပြုတ်ကာ ကုန်တဲ့အထိကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က