အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာပါ။

အာတီတာရဲ့ အာဆင်နယ်ကတော့ ရာသီအစကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဝေးကွင်းမှာ ကစားခဲ့ရတဲ့ပွဲမှာ ပဲလေ့စ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဗီယာရာရဲ့အသင်းက မာကျောမှုအပြည့်နဲ့ တုံ့ပြန်ခဲ့ပေမယ့်လည်း စုဖွဲ့မှုကောင်းနေပြီး တိုက်စစ်ပိုင်းလည်း ပိုအားသာတဲ့ အာဆင်နယ်က အနိုင်ရအောင်ကစားနိုင်ခဲ့ပါတယ်။ 

ပွဲကစားချိန် မိနစ် ၂၀ မှာ ဇင်ချန်ကိုရဲ့ ဖန်တီးပေးမှုနဲ့အတူ မာတင်နယ်လီက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ၈၅ မိနစ်မှာ ပဲလေ့စ်က ဂူဟီက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ အာဆင်နယ်က ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီက အဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်ကို အံ့အားသင့်ဖွယ်ရာအရေးနိမ့်ခဲ့ပြီး ကျိန်စာသင့်သလိုဖြစ်ခဲ့ရတဲ့ အဖွင့်ပွဲအစဉ်အလာကို အာဆင်နယ်တို့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

"ပေးဂိုးမရှိခဲ့သလို ခက်ခဲတဲ့ ပြိုင်ဘက်ဆီကနေ ၃ မှတ်ရယူနိုင်ခဲ့လို့ ကျနော်တကယ်ကို​ကျေနပ်မိပါတယ်၊ ခက်ခဲတဲ့အချိန်တွေကို ဒီပွဲမှာ တွေ့ခဲ့ရပါတယ်၊ သူတို့ကို က​ျော်ဖြတ်နိုင်ဖို့ ခံနိုင်ရည်ရှိမှုကိုပြသခဲ့ပြီး တကယ်အပြုသဘောဆောင်ပါတယ်၊ ပြီးခဲ့တဲ့ရာသီကနဲ့ မတူညီတဲ့ ပုံစံနဲ့ ကျနော်တို့ စတင်နိုင်ခဲ့ပါတယ်၊ ဒီထက်တောင်မှ ဂိုးပိုသွင်းနိုင်ခဲ့သင့်တာပါ" လို့ အာဆင်နယ်နည်းပြအာတီတာက ပွဲအပြီးမှာပြောဆိုခဲ့ပါတယ်။ 

အာဆင်နယ်အတွက် နောက်ခံလူဝီလီယံဆာလီဘာက ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ပါတယ်။ ဒီပွဲမှာ ဂါဘရီရယ်ဂျီးဆပ်၊ ဇင်ချန်ကိုနဲ့ ဆာလီဘာတို့က အာဆင်နယ်အတွက် ပထမဆုံးအကြိမ်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။ ဆာလီဘာက တပွဲလုံးမှာ ဖျက်ထုတ်မှုတွေကောင်းမွန်ခဲ့ပြီး ဘောလုံးပေးပို့မှုတွေမှာလည်း အံ့မခန်းဖြစ်ခဲ့သူဖြစ်ပါတယ်။ 

ပဲလေ့စ်နည်းပြဗီယာရာကတော့ "ဆိုးရွားတဲ့ ဂိုး ၂ ဂိုး ပေးခဲ့ရပါတယ်၊ ကောင်းမွန်တဲ့အခိုက်အတန့်တချို့ရှိနေခဲ့ပြီး ပွဲထဲကို ပြန်သွားနိုင်ဖို့ ဂိုးရနိုင်တဲ့ အခွင့်အရေး ၂ ကြိမ်ဖန်တီးနိင်ခဲ့ပါတယ်၊ အဲဒါတွေကို မယူနိုင်ခဲ့ပါဘူး၊ ဒီအတွက်ပေးဆပ်ခဲ့ရတာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က