မနေ့ညက ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ ပိုချက်တီနိုရဲ့ ချဲလ်ဆီးက ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် ဂိုးတွေကို ပုံစံကောင်းပြနေတဲ့ ကိုးပါလ်းမား၊ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ အန်ကွန်ကူးတို့က သွင်းယူပေးခဲ့တာပါ။
ဘရိုက်တန်အတွက် ချေပဂိုးတစ်ဂိုးကိုတော့ မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှာမှ ဝဲလ်ဘတ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက်တော့ ဒီနိုင်ပွဲက သူတို့အတွက် ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၄) ပွဲဆက် နိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။
စပါး၊ ဝက်စ်ဟမ်း၊ နော်တင်ဟမ်ဖောရက်စ်နဲ့ အခု ဘရိုက်တန်တို့ကို အနိုင်ကစားခဲ့တာဖြစ်ပြီး အာဆင်နယ်ကို ငါးဂိုးပြတ်နဲ့ ရှုံးပြီးကတည်းက ချဲလ်ဆီးတို့ ပုံမှန်ခြေစွမ်းကို ဆက်တိုက်ပြသနေခဲ့တာပါ။ ချဲလ်ဆီးဟာ ဒီနိုင်ပွဲကြောင့်လည်း ဥရောပဝင်ခွင့်တစ်နေရာကို ရရှိဖို့ နီးစပ်လာခဲ့ပါတယ်။
ကြယ်ပွင့် ပါးလ်မား ဆက်တိုက်ခြေစွမ်းပြနေတာ၊ အန်ကွန်ကူးလို ကစားသမားမျိုး ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ဂိုးသွင်းပြနိုင်တာတွေက ချဲလ်ဆီးပရိသတ်တွေအတွက် ကျေနပ်စရာပါ။ ချဲလ်ဆီးဟာ ဒီရာသီတစ်လျှောက်လုံး အမှတ်ပေးဇယား အဆင့် (၁၀) နေရာဝန်းကျင်မှာ ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမယ့် ရာသီကုန်ခါနီးမှာတော့ အပေါ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ နယူးကာဆယ်တို့ အမှားများလာတာကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ နိုင်ပွဲတွေလည်း ဆက်တိုက် ရယူနိုင်ခဲ့တဲ့နောက် ချဲလ်ဆီးတို့ အခုလိုမျိုး ဥရောပဝင်ခွင့်တစ်နေရာအတွက်ပါ အခြေအနေကောင်းလာခဲ့တာဖြစ်ပါတယ်။