ချဲလ်ဆီးပရိသတ်တစ်ဦးက အသင်းအနေနဲ့ ယခုရာသီကုန်မှာ စံချိန်တစ်ခု ပိုင်ဆိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပေမယ့်လည်း ဘယ်သူမှ မလိုချင်တဲ့ စံချိန်ကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ ရာသီဟာ ဖရိုဖရဲဖြစ်ခဲ့တယ်လို့ ပြောရင် မှားမယ်မထင်ဘဲ တော့ဒ် ဘိုလီက ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကို ဝယ်ယူခဲ့ပြီးနောက် ရာသီမစတင်ခင် ကစားသမားသစ်ခေါ်ယူဖို့အတွက် ပေါင်သန်း ၃၀၀ အထိ သုံးစွဲခဲ့တာကြောင့် ပရိသတ်တွေဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို စိန်ခေါ်နိုင်တော့မယ်လို့ ထင်ခဲ့ကြတာဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာလည်း နောက်ထပ် ပေါင်သန်း ၃၀၀ ဝန်းကျင် သုံးစွဲခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေရပြီး ချန်ပိယံလိဂ်ပြိုင်ပွဲကနေလည်း ထွက်ခွာရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းက နည်းပြ ဂရေဟမ် ပေါ့တားကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြဟောင်း ဖရန့်ခ် လမ်းပတ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခဲ့ပေမယ့်လည်း ချဲလ်ဆီးဂန္တဝင် ကိုင်တွယ်ခဲ့တဲ့ ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
စနေနေ့က ဘရိုက်တန်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့မှုကြောင့် ချဲလ်ဆီးအသင်းဟာ ၃၁ ပွဲကနေ ၃၉ မှတ်သာ ရရှိထားခဲ့ပြီး ထူးထူးခြားခြားပဲ လမ်းပတ်ရဲ့အသင်းဟာ ထိပ်ဆုံး ၄ နေရာ(၁၇ မှတ်)ထက် တန်းဆင်းဇုန်(၁၂ မှတ်)နဲ့ ပိုမို နီးစပ်လာနေတာဖြစ်ပါတယ်။
လက်တွေ့ကျကျ ပြောရရင် ချဲလ်ဆီးအသင်းဟာ ယခုရာသီကို အဆင့် ၇ ထက်ပိုတဲ့နေရာနဲ့ ပြီးဆုံးနိုင်ဖို့ မျှော်လင့်နိုင်မှာမဟုတ်ဘဲ လက်ရှိမှာတော့ စိတ်ပျက်နေတဲ့ ချဲလ်ဆီးပရိသတ်တစ်ဦးက ချဲလ်ဆီးအသင်းသာ ဂရုမစိုက်ဘူးဆိုရင် လန်ဒန်မှာ အဆိုးရွားဆုံးပရီးမီးယားလိဂ်အသင်းအဖြစ်နဲ့ ရာသီကို ပြီးဆုံးရနိုင်တယ်ဆိုတာကို ထောက်ပြခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါး၊ ဘရန့်တ်ဖို့ဒ်၊ ဖူလ်ဟမ်တို့အားလုံးဟာ အမှတ်ပေးဇယားမှာ ချဲလ်ဆီးအသင်းရဲ့အထက်မှာ ရပ်တည်နေပြီး ခရစ္စတယ် ပဲလေ့စ်နဲ့ ဝက်စ်ဟမ်းတို့သာ အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။
ခရစ္စတယ် ပဲလေ့စ်ဟာ ပေါင်သန်း ၆၀၀ ကျော်သုံးစွဲပြီး ယခုရာသီအတွက် အားဖြည့်ထားတဲ့ ချဲလ်ဆီးနဲ့ ၃ မှတ်သာ ကွာဟနေတာဖြစ်ပြီး ရွိုင်း ဟော့ဒ်ဆန်ကို နည်းပြအဖြစ် ပြန်ခန့်ပြီးကတည်းက ၃ ပွဲဆက်တိုက် အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ ချဲလ်ဆီးနဲ့ ၉ မှတ်အကွာ တန်းဆင်းဇုန်ရဲ့အထက် ၃ မှတ်မှာ ရပ်တည်နေပေမယ့်လည်း ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟာ လမ်းပတ်ရဲ့အသင်းထက် ၂ ပွဲ လျော့နေတာ ဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ နောက်ဆုံးလိဂ်ပွဲစဉ် ၇ ပွဲထဲမှာ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ မန်စီးတီးတို့အပြင် ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်နေတဲ့ နယူးကာဆယ်နဲ့ ရာသီအပိတ်ပွဲစဉ်အဖြစ် ကစားသွားရဖို့ရှိနေတာကြောင့် လမ်းပတ်သာ သိပ်မကြာခင်အချိန်အတွင်း စွမ်းဆောင်ရည်ကောင်း ရရှိအောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် လန်ဒန်မှာ အဆိုးရွားဆုံးပရီးမီးယားလိဂ်ကလပ်အသင်းအဖြစ် ရာသီကို အဆုံးသတ်ရနိုင်ခြေရှိနေတာဖြစ်ပါတယ်။
Share