မန်ချက်စတာဒါဘီပွဲအပြီး ဒီသတင်းတွေထွက်ပေါ်လာခဲ့တာပါ။

ယူနိက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ရဲ့အေးဂျင့်ဂျော့မန်ဒက်စ်နဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ရာသီကုန်မှာ အိုးထရက်ဖို့ဒ်ကနေ ဒုတိယအကြိမ်ထွက်ခွာသွားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပ​ေါ်လာခဲ့ပါတယ်။ မန်ချက်စတာဒါဘီပွဲမှာ ချန်လှပ်ခံထားရမှုနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ ရော်နယ်ဒိုက သူ့ရဲ့အနာဂတ်အတွက် စဉ်းစားနေပြီလို့ ဆိုပါတယ်။ 

ဒါဘီပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပေမယ့်လည်း သူ့ကို အသင်းလူစာရင်းမှာမထည့်သွင်းခဲ့တဲ့အပေါ် ရော်နယ်ဒိုက ဒေါသထွက်ခဲ့ပြီး ပေါ်တူဂီကိုတောင်ပြန်သွားခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါပေမယ့် အဆိုပါပွဲအပြီး အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို ရော်နယ်ဒို ပြန်လည်ရောက်ရှိလာပြီး တဦးတည်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၅ ဂိုးသွင်းယူပေးထားတဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ အသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးသွင်းအားကျဆင်းလာခဲ့သူဖြစ်ပါတယ်။ ဒီအခြေအနေမှာ နည်းပြရန်းဂ်နစ်ခ်က သူ့ကို ထည့်သွင်းအသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ပုံရပြီး ကစားသမားနဲ့ သူ့ရဲ့အကြားမှာလည်း မကျေလည်မှုတွေဖြစ်ပေါ်နေဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 

ဒဏ်ရာကြောင့်လို့ ရန်းဂ်နစ်ခ်က အကြောင်းပြချက်ပေးခဲ့ပေမယ့်လည်း တကယ်တမ်းတော့မဟုတ်ဘူးလို့လည်း ပြောဆိုမှုတွေက ရှိနေခဲ့ပါတယ်။ ၂၀၀၉ မှာ ယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီရာသီအစပိုင်းမှာ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကစားသမားတဦးဖြစ်ခဲ့ပါတယ်။ 

လာမယ့်တပတ် စပါးနဲ့ပွဲစဉ်မှာလည်း ရော်နယ်ဒိုကို အသုံးပြုရမလား၊ ဒါမှမဟုတ် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲမှသာ အသုံးပြုရမလားဆိုတာကို ရန်းဂ်နစ်ခ်နဲ့ သူ့နည်းပြအဖွဲ့ဝင်တွေက မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ ဒါကလည်း ရော်နယ်ဒိုရဲ့ အသင်းတွင်းအနေအထားအပေါ်မှာ နည်းပြဘက်က ပြတ်ပြတ်သားသားဆုံးဖြတ်ထားနိုင်တာမျိုးမရှိဘူးလို့ ယူဆရပါတယ်။ 

Share

Loading Next Article...
က္က