မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ဟာ ဆီဗီလာနဲ့ပွဲမှာရရှိခဲ့တဲ့ ခြေဖမိုးရိုးကွဲအက်ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရတော့မှာဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ အဆိုပါဒဏ်ရာကြောင့် လမ်းတောင်မလျှောက်နိုင်ဖြစ်ခဲ့ရပြီး ဆီဗီလာကစားသမားနှစ်ဦးက သူ့ကို ဝိုင်းဝန်းကူမပေးခဲ့ရပါတယ်။
အဆိုပါပွဲအပြီးမှာ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်က ကစားသမားရဲ့ အခြေအေနေကို စောင့်ကြည့်ရမှာဖြစ်ပြီး မြင်တွေ့ရသလောက်တော့ အခြေအနေသိပ်မကောင်းဘူးလို့ သူ ထင်မြင်မိကြောင်းသာ ပြောဆိုခဲ့ပါတယ်။ အခုအခါမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့အပြီး မာတီနက်ဇ်ဟာ ရာသီကုန်အထိကို အနားယူရမှာဖြစ်ကာ လာမယ့်ရာသီသစ်မစခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်ရပါတယ်။
ယူနိုက်တက်က ထုတ်ပြန်ခဲ့ရာမှာတော့ "မာတီနက်ဇ်ရဲ့ ခြေထောက်က အရိုးဒဏ်ရာကြောင့် သူ ရာသီကုန်အထိ အနားယူရတေ့ာမှာပါ၊ ဒါပေမယ့် နောက်ရာသီမစခင်မှာ သူ ကစားဖို့ အသင့်ဖြစ်နေမယ်လို့ မျှော်လင့်ရပါတယ်" လို့ ပါဝင်ပါတယ်။ မာတီနက်ဇ်အပြင် အခြားနောက်ခံလူဗာရန်းကလည်း ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမှာဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ယူနိုက်တက်ဗဟိုခံစစ်မှာ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကို မြင်တွေ့ရဖို့ရှိနေပြီး တန်ဟက်ဂျ်အတွက်တော့ ဒါက စိတ်ပျက်စရာကောင်းနေမှာဖြစ်ပါတယ်။ အဆိုပါကစားသမားနှစ်ဦးစလုံးက အသင်းမှာ ပုံမှန်ကစားခွင့်မရသူတွေဖြစ်ပြီး ကစားခွင့်ရချိန်ဆိုလည်း အမှားအယွင်းတွေ လုပ်လေ့ရှီလို့ ခံစစ်ပိုင်းအတွက် စိုးရိမ်နေရတာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတွေကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်အတွက် မာတီနက်ဇ် အနားယူရမှုက အထိနာမှာတော့ သေချာပါတယ်။