ဘယ်လိုနေထိုင်ရမယ် ၊ ဘယ်လိုစားသောက်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သူတို့တွေက လမ်းညွှန်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလို လမ်းညွှန်တဲ့နေရာမှာ တစ်ချို့အယူအဆတွေကတော့ ရှေးရိုးစွဲ သပ်သပ်ပဲ ဖြစ်ပြီး ဆေးပညာအရ သက်ဆိုင်မှုမရှိဘူးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
လက်ဖက်မစားနဲ့
လက်ဖက်စားရင် ချုပ်တယ်လို့ လူကြီးတွေက အမြဲပြောပါတယ်။ တကယ်တော့ ရာသီလာခြင်း ၊ ချုပ်ခြင်းက လက်ဖက်နဲ့ သက်ဆိုင်မှုတော့ မရှိဘူးလို့ အာဟာရဗေဒဆရာဝန် ဒေါက်တာဆုမြတ်သဇင်က Duwun ကို ပြောပါတယ်။ ဒါပေမယ့် လက်ဖက်မှာပါတဲ့ ဓာတ်တစ်မျိုးက သွေးအားကို နည်းစေလို့ ရာသီလာတဲ့အချိန်မှာ သွေးဆုံးရှုံးမှုများ ၊ သွေးအားနည်းတတ်တဲ့အချိန်မှာ လက်ဖက်စားရင် သံဓာတ်စုပ်ယူမှုနည်းပြီး သွေးအားနည်းလက္ခဏာတွေဖြစ်တဲ့ ရင်တုန်တာ ၊မူးဝေတာကြောင့် နုံးချိမှုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
Photo - All things hair
ခေါင်းမလျှော်နဲ့
တကယ်တော့ ရာသီလာချိန်မှာ ခေါင်းမလျှော်ရဘူးဆိုတာ ရှေးရိုးစွဲအယူအဆတစ်ခုသာ ဖြစ်ပြီး သိပ္ပံနည်းကျ တားမြစ်ထားတာ မရှိပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ အပူအအေးမမျှတတာမျိုး ဖြစ်တဲ့အတွက် ခေါင်းလျှော်ရင် အအေးမိဝေဒနာခံစားနိုင်ရပါတယ်။ ရေအေးနဲ့ အကြာကြီးလျှော်တာမျိုးမလုပ်ဘဲ ခပ်နွေးနွေးရေနဲ့ ခပ်မြန်မြန်လေးလျှော်ပြီး ရေခြောက်အောင်သုတ်တာမျိုး လုပ်မယ်ဆို ခေါင်းလျှော်နိုင်တယ်လို့ အာဟာရဗေဒဆရာဝန် ဒေါက်တာဆုမြတ်သဇင်က Duwun ကို ပြောပါတယ်။
အဖန်သီးတွေ မစားနဲ့
ရာသီလာချိန်မှာ ဇီးသီး ၊ ဂွေးသီးစတဲ့ အသီးတွေကို စားခြင်းက ရာသီချုပ်စေတယ်လို့ လူကြီးတွေက ပြောလေ့ရှိပါတယ်။ ဒါပမေယ့် ဒီအသီးတွေက ရာသီချုပ်ခြင်းကို ဖြစ်စေတယ်ဆိုတာ မဟုတ်ပါဘူး။ အမျိုးသမီးတွေ ရာသီလာခြင်း ချုပ်ခြင်းက အစားအစာပေါ် တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ဒါပေမယ့် သားအိမ်ရောင်တာနဲ့ သားအိမ်ညှစ်တာကို ပိုဆိုးစေတဲ့အတွက် ရာသီလာချိန် နာကျင်မှု ဖြစ်စေတယ်လို့ သိရပါတယ်။
ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာများ
တကယ်တော့ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာဆိုတာ ရာသီလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ပိုမိုဆိုးရွာစေတဲ့အတွက် ရှောင်ရတာ ဖြစ်ပါတယ်။
Photo - Zoom TV
အငံ
အငံ ၊ ဆိုဒီယမ်ဓာတ်များတဲ့ အစားအစာတွေ ဖြစ်တဲ့ ခေါက်ဆွဲခြောက် ၊ ကြာဇံခြောက်မှာပါတဲ့ အမှုန့်တွေဟာ
ဆိုဒီယမ်များလွန်းတဲ့အတွက် ရာသီမလာခင်နဲ့ လာနေချိန်မှာ စားမိရင် ဝမ်းဗိုက်ဖောရောင်တာ ၊ နာကျင်တာ ဖြစ်စေပါတယ်။
ဆီများသောအစားအစာ
ဆီများတဲ့ အစားအစာတွေ ၊ ဆီကြော်တွေကို ရာသီလာချိန်မှာ စားမယ်ဆိုရင် ဝက်ခြံပေါက်တာကို ပိုပြီးဆိုးရွားစေပါတယ်။ ဒါ့အပြင် ရာသီလာချိန်မှာဖြစ်တဲ့ စိတ်အလိုမကျမှုတွေကို ပိုပြီးဆိုးရွားစေတဲ့အတွက် မစားသင့်ဘူးဆိုတာ သုတေသနတွေက ဆိုထားတယ်လို့ ဒေါက်တာဆုမြတ်သဇင်က Duwun ကို ပြောပါတယ်။
အချိုအစားအစာ
မိန်းကလေးတွေ အချိုများလွန်းတဲ့ အစားအစာတွေကို စားသုံးခြင်းက အဝလွန်တာကို ဖြစ်စေပါတယ်။ အဝလွန်ခြင်းဟာ ရာသီလာချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကို ပိုမိုဆိုးရွားစေမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် အချိုများလွန်းတဲ့ အစားအစာတွေကို ရှောင်ရမှာဖြစ်ပါတယ်။
ရာသီလာချိန်မှာ စားသင့်တဲ့အစားအစာများ
Photo - Her Ground
ချောကလက်အမဲ
Dark Chocolate လို့ခေါ်တဲ့ ချောကလက်အမဲစားခြင်းက သားအိမ်ညှစ်အားကို လျော့စေတဲ့အတွက် ရာသီလာချိန်မှာ နာကျင်မှု ဝေဒနာကို လျော့စေပါတယ်။
အသီးအရွက်
အသီးအရွက်နဲ့ အသီးဖျော်ရည်လိုမျိုးတွေကို စားသောက်ပေးခြင်းက ဗိုက်နာခြင်းနဲ့ ဝက်ခြံထွက်တာကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိတဲ့အတွက် ရာသီလာချိန်မှာ သစ်သီးဖျော်ရည် ( ရေခဲမပါ) သောက်တာ ၊ ထမင်းစားတဲ့အခါ ဟင်းသီးဟင်းရွက်ပါဝင်အောင် စားတာမျိုး လုပ်သင့်ပါတယ်။
ရေ
ရေသောက်နည်းတဲ့အခါ ရေဓာတ်ခမ်းခြောက်ပြီး အသားအရေခြောက်တာ ၊ ဝက်ခြံပေါက်တာ ၊ သားအိမ်တစ်ဝိုက် ဖောယောင်မှုတွေကို ဖြစ်စေပါတယ်။ဒါကြောင့် ရာသီမလာမီနဲ့ ရာသီလာချိန်မှာ အမျိုးသမီးတွေအနေနဲ့ ရေ ၂လီတာ (သို့မဟုတ်) ၃လီတာ ကုန်အောင် သောက်သင့်ပါတယ်။ တကယ်လို့ ရေချည်းပဲ မသောက်နိုင်ဘူးဆိုရင် စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်လို ရေဓာတ်ပါတဲ့ အစားအေသာက်တွေ များများစားပေးပါ။
နနွင်းနဲ့ဂျင်း
သုတေသနစမ်းသပ်ချက်တွေအရ နနွင်းနဲ့ဂျင်းဟာ ရောင်ရမ်းမှု ၊ နာကျင်မှုတွေကို လျော့စေတဲ့ အစွမ်းသတ္တိရှိပါတယ်။ နနွင်းနဲ့ဂျင်းက မြန်မာလူမျိုးတွေရဲ့ ဟင်းလျာတော်တော်များများမှာလည်း ပါဝင်တဲ့အတွက် ရာသီလာချိန်မှာ ဟင်းချက်တဲ့အခါ နနွင်းမှုန့်နဲ့ ဂျင်းကို များများထည့် စားသုံးသင့်တယ်လို့ ဒေါက်တာဆုမြတ်သဇင်က Duwun ကို ပြောပါတယ်။
အာဟာရဗေဒဆရာဝန် ဒေါက်တာဆုမြတ်သဇင်ရဲ့ အကြံပြုချက်တွေကို လိုက်နာရင်း ရာသီလာချိန်မှာ အမျိုးသမီးများ ဝေဒနာကင်းဝေးလို့ စိတ်ကြည်လင်လန်းဆန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။