ရာသီကူးပြောင်းချိန်မှာ လုံးဝမဖျားမနာဘဲ ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်နိုင်ဖို့အတွက် အထွေထွေရောဂါအထူးကု သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင် မျှဝေပေးထားတဲ့ ကျန်းမာရေးဗဟုသုတများနှင့် အိမ်တွင်းကုထုံးများကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

အခုလို ရာသီဥတု အကူးအပြောင်းကာလမျိုးမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရင် "ဖျားနေတယ်၊ ချောင်းဆိုးနေတယ်၊ နှာစေးနေတယ်" ဆိုတဲ့ အသံတွေကို နေရာအနှံ့ ကြားနေရမှာပါ။ လူတော်တော်များများက ဆောင်းရာသီနဲ့ မိုးရာသီလို အေးတဲ့အချိန်တွေမှာပဲ အအေးမိတတ်တယ်လို့ ထင်ကြပေမဲ့ တကယ်တော့ အအေးမိခြင်း (Common Cold) ဆိုတာ နွေရာသီအပါအဝင် ဘယ်ရာသီမှာမဆို ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။



အခုလို ရာသီကူးပြောင်းချိန်မှာ မိမိနဲ့ မိမိရဲ့ မိသားစုဝင်တွေ လုံးဝမဖျားမနာဘဲ ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်နိုင်ဖို့အတွက် အထွေထွေရောဂါအထူးကု သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင် မျှဝေပေးထားတဲ့ ကျန်းမာရေးဗဟုသုတများနှင့် အိမ်တွင်းကုထုံးများကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။


Source: www.shutterstock.com

၁။ ရာသီအကူးအပြောင်းမှာ ဘာကြောင့် ပိုဖျားတတ်ကြတာလဲ?

အေးမြပြီး ရုတ်တရက် ပြောင်းလဲတတ်တဲ့ ရာသီဥတုတွေမှာ အအေးမိဖျားနာတာ ပိုဖြစ်ရတဲ့ အဓိက အကြောင်းရင်း (၂) ချက် ရှိပါတယ်။

  • ပထမအချက်က ရာသီဥတုအေးလာတဲ့အခါ ပတ်ဝန်းကျင်မှာ အအေးမိခြင်းကို ဖြစ်စေတဲ့ "ဗိုင်းရပ်စ်ပိုးမွှားတွေ" က ပိုပြီး အဆမတန် ပျံ့နှံ့လွယ်တတ်လို့ ဖြစ်ပါတယ်။
  • ဒုတိယအချက်ကတော့ ပတ်ဝန်းကျင်အပူချိန် ရုတ်တရက်အေးသွားတဲ့အခါ လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ထဲက "ခုခံကာကွယ်မှုစနစ် (ကိုယ်ခံအား)" က ကျဆင်းသွားတတ်လို့ပါပဲ။

ဒီလို ခန္ဓာကိုယ်က ကိုယ်ခံအားကျနေတဲ့အချိန်မှာ ဗိုင်းရပ်စ်ပိုးတွေက ခန္ဓာကိုယ်ထဲကို အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် လွယ်လွယ်ကူကူ ဝင်ရောက်လာပါတယ်။ ဝင်လာတဲ့အခါ အသက်ရှူလမ်းကြောင်းနံရံတွေ ရောင်ရမ်းပြီးတော့ ကိုယ်လက်ကိုက်ခဲတာ၊ နုံးခွေတာ၊ နှာစေးနှာပိတ်တာနဲ့ နှာရည်ယိုတာတွေအပြင် "အအေးမိခြင်း" လက္ခဏာတွေကို အပြည့်အစုံ ခံစားရတော့တာ ဖြစ်ပါတယ်။


၂။ အအေးမမိအောင် ဘယ်လို ဆင်ခြင်နေထိုင်မလဲ? (Do's & Don'ts)

ဆရာဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ "အအေးမိမခံရင်တော့ ရောဂါမဖြစ်တော့ပါဘူး"။ ဒါကြောင့် နေ့စဉ်ဘဝမှာ အောက်ပါအချက်တွေကို အထူးဆင်ခြင်ဖို့ လိုအပ်ပါတယ်။

  • အဲကွန်းနှင့် ပန်ကာလေကို သတိထားပါ- အိမ်မှာ အဲကွန်းကို အရမ်းအေးအေးကြီး ဖွင့်တာမျိုး ရှောင်ပါ။ အထူးသဖြင့် အဲကွန်းလေ၊ ပန်ကာလေတွေ ခန္ဓာကိုယ် တည့်တည့်ကို တိုက်ရိုက်ကျနေတာမျိုးကို လုံးဝ ရှောင်ရပါမယ်။ မိုးရွာနေချိန် သို့မဟုတ် လေအေးတိုက်နေချိန်မှာ အပြင်မှာ အကြာကြီး မနေပါနဲ့။
  • နွေရာသီချွေးစိုခြင်းကို သတိပြုပါ- နွေရာသီမှာလည်း အအေးမိတတ်ပါတယ်။ အပြင်က ပြန်လာလို့ ချွေးထွက်နေတဲ့အချိန်၊ အဝတ်အစားတွေ ချွေးစိုနေတုန်း လေတိုက်တဲ့နေရာ ဒါမှမဟုတ် အဲကွန်းခန်းထဲ ချက်ချင်းသွားနေလိုက်ရင် ခန္ဓာကိုယ်အပူချိန် ကမောက်ကမဖြစ်ပြီး အအေးမိတာ ချက်ချင်း ဖြစ်နိုင်ပါတယ်။
  • ဆေးလိပ်၊ အရက်၊ ကွမ်း လုံးဝရှောင်ပါ- အအေးမိဗိုင်းရပ်စ်တွေက အသက်ရှူလမ်းကြောင်းအပြင် အာခေါင်မှာလည်း ပွားတတ်ပါတယ်။ ဆေးလိပ်၊ အရက်၊ ကွမ်း သုံးစွဲသူတွေဟာ အာခေါင်နံရံ ပွန်းပဲ့လွယ်တဲ့အတွက် အပြင်ကလာတဲ့ ဗိုင်းရပ်စ်ပိုးတွေ အာခေါင်ထဲဝင်ဖို့ ပိုပြီး လမ်းပွင့်သွားစေပါတယ်။
  • နှာခေါင်းစည်း (Mask) တပ်ပါ- ပတ်ဝန်းကျင်မှာ နှာစေး၊ ချောင်းဆိုး ဖျားနာနေသူတွေ ရှိရင် ခပ်ဝေးဝေးနေပါ။ ဝေးဝေးနေဖို့ အဆင်မပြေရင် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ပါ။
  • ကာကွယ်ဆေးထိုးပါ- လက်ရှိရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) နှစ်ခုကို ပုံမှန်ထိုးထားမယ်ဆိုရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိနှာစေးခြင်းကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။


Source: health.clevelandclinic.org

၃။ ကိုယ်ခံစွမ်းအား မြှင့်တင်ဖို့ နေထိုင်စားသောက်နည်း (Healthy Lifestyle)

အအေးမိဗိုင်းရပ်စ်တွေကို အောင်မြင်စွာ တိုက်ထုတ်နိုင်ဖို့ ကိုယ်ခံအားစနစ် (Immune System) ကောင်းမွန်နေဖို့က အဓိကကျပါတယ်။

  • အသီးအနှံများများစားပါ- ရောဂါပျောက်ကင်းစေတဲ့ အစားအစာအုပ်စုဖြစ်တဲ့ "အသီးအရွက်နဲ့ အသီးအနှံတွေ" ကို နေ့စဉ် စားသုံးပေးပါ။ အဲဒီထဲမှာပါတဲ့ ဗီတာမင်စီ (Vitamin C) က သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်စေပါတယ်။
  • ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ- တစ်နေ့ကို မိနစ် ၃၀ ခန့် မိမိအိမ်မှာတင် ကိုယ်လက်လှုပ်ရှားမှု (သို့မဟုတ်) အားကစား အပေါ့စားလေးတွေ လုပ်ပေးပါ။
  • အိပ်ရေးဝဝအိပ်ပါ- တစ်နေ့ကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီအထိ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူပါ။ အိပ်ရေးပျက်ခြင်းဟာ ကိုယ်ခံစနစ်ကို အလွယ်တကူ ထိခိုက်ပျက်စီးစေပါတယ်။
  • စိတ်ဖိစီးမှုလျှော့ချပါ- စိတ်တိုဒေါသထွက်တာတွေကို လျှော့ချပြီး စိတ်ဖိစီးမှုကင်းအောင် ပျော်ပျော်နေတတ်ဖို့ လိုအပ်ပါတယ်။


Source: www.shutterstock.com

၄။ အအေးမိဖျားနာလာခဲ့ရင် အမြန်ဆုံးသက်သာစေမည့် "အိမ်တွင်းကုထုံးများ"

အကယ်၍ အအေးမိသွားခဲ့ပြီဆိုရင် ပျောက်ကင်းမှု မြန်ဆန်စေဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

  • ရေနွေးများများသောက်ပါ- ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ပြေလျော့စေဖို့ တစ်နေ့ကို ရေ ၂ လီတာကနေ ၃ လီတာအထိ ပိုပြီး သောက်ပေးပါ။
  • အိပ်စက်တဲ့ပုံစံ ပြောင်းပါ- နှာပိတ်နေတဲ့သူတွေအနေနဲ့ ပက်လက်အိပ်ရင် နှာခေါင်းပိတ်တာ ပျောက်ဖို့ ခက်တတ်ပါတယ်။ အိပ်တဲ့အခါ "တစ်ဖက်စောင်းပြီး အိပ်ပါ"။
  • ရေနွေးငွေ့နှင့် ပရုတ်ဆီ- နှာခေါင်းပိတ်ပြီး ပျစ်ခဲနေတဲ့ နှာရည်တွေ ပွင့်ထွက်သွားအောင် ရေနွေးငွေ့ ရှူပေးတာ၊ ပရုတ်ဆီ သို့မဟုတ် ပရုတ်ရည်ကို ပွတ်ရှူပေးတာမျိုး လုပ်ရင် ချက်ချင်း သက်သာစေပါတယ်။
  • သဘာဝအားဖြည့်ပစ္စည်းများ- နားနားနေနေ နေထိုင်ပြီး ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ပျားရည်လေးကို ရေနွေးနဲ့ ဖျော်သောက်ပေးပါ။ ရေနွေးကြမ်း ပူပူလေး သောက်တာမျိုးအပြင် အုန်းစိမ်းရည် သောက်ပေးရင်လည်း အအေးမိတာတွေကို သက်သာစေပြီး ကိုယ်ခံစနစ်ကို ကောင်းမွန်စေပါတယ်။
  • အားဆေးမှီဝဲပါ- အအေးမိနေတဲ့အချိန်မှာ ကိုယ်ခံစနစ် ပြန်တက်လာဖို့ ဗီတာမင်ဘီ၊ ဗီတာမင်စီ နဲ့ ဇင့် (Zinc) ပါဝင်တဲ့ အားဆေးတွေကို သောက်ပေးသင့်သလို၊ လိုအပ်ပါက နှာစေးပျောက်ဆေးများကို စနစ်တကျ သောက်သုံးနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ရာသီဥတုကတော့ သူ့သဘာဝအတိုင်း ပြောင်းလဲနေမှာပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်တိုင်က ကြိုတင်ပြင်ဆင်မှုရှိပြီး အသိသတိနဲ့ နွေးနွေးထွေးထွေး နေထိုင်မယ်ဆိုရင် ဘယ်လိုရာသီဥတုအကူးအပြောင်းမှာမဆို အအေးမိခြင်းရန်ကနေ ကင်းဝေးပြီး ကျန်းကျန်းမာမာ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က