မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူဟောင်းရီယိုဖာဒီနန်ကတော့ လီဗာပူးလ်ရဲ့ အသစ်စက်စက်တိုက်စစ်မှူးဒါဝင်နူနက်ဇ်ရဲ့ အပြောင်းအရွှေ့ကို တွေးတွေးပြီးကြောက်ရွံ့နေပြီဖြစ်ပါတယ်။ နူနက်ဇ်ကတော့ လီဗာပူးလ်ကို ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘင်ဖီကာအတွက် ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၃၄ ဂိုးအထိ ရရှိခဲ့သူဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ဥရုဂွေးတိုက်စစ်မှူးအတွက် လီဗာပူးလ်က စုစုပေါင်း ပေါင်သန်း ၁၀၀ အထိ ကုန်ကျသွားနိုင်တဲ့ အနေအထားမျိုးလည်းရှိနေပါတယ်။ မာနေးက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီဖြစ်တဲ့အချိန်မှာ ကလော့ပ်က နူနက်ဇ်ကို မြန်မြန်ဆန်ဆန်ပဲခေါ်ယူခဲ့ပြီး တိုက်စစ်ပိုင်းအတွက် ကြိုတင်အားဖြည့်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဖာဒီနန်က "ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီကောင်လေးကစားတာကို ကျနော်မကြာခဏကြည့်ခဲ့ဖူးပါတယ်၊ အခုလောလောဆယ်မှာပဲ ဗန်ဒိုက်လိုကစားသမားကပါ သူ့ခြေစွမ်းကို ထုတ်ဖော်ပြောဆိုထားပါသေးတယ်၊ ကံဆိုးစွာနဲ့ပဲ လီဗာပူးလ်အတွက်တော့ ဒါကထိပ်တန်းခေါ်ယူမှုတခုပါပဲ" လို့ ဖာဒီနန်က သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဒါဟာ ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက်လီဗာပူးလ်နဲ့ပတ်သက်လာရင် အထင်ကြီးမှုနည်းပါးတတ်တဲ့ ဖာဒီနန်ဆီကနေ ထွက်ပေါ်လာတဲ့ ချီးကျူးမှုပါပဲ။ တနည်းအားဖြင့်တော့ ယူနိုက်တက်ရဲ့ ပြိုင်ဘက်ကြီးက ကစားသမားကောင်းတွေခေါ်ယူပြီး အင်အားဖြည့်တင်းနေမှုက သူ့အသင်းဟောင်းအတွက်ရော၊ အခြားအသင်းတွေအတွက်ပါ ထိတ်လန့်စရာဖြစ်နေတယ်လို့ ဖာဒီနန်က ဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။