ရာသီမမှန်တိုင်း စိုးရိမ်စရာအခြေအနေတော့မဟုတ်ပါဘူး။

အမျိုးသမီးတိုင်း ရာသီသွေးမမှန်တဲ့ပြဿနာကို ခံစားရတတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း တစ်လတစ်ခါ  ပုံမှန်လာသလို တစ်ချို့ကတော့ ၃၊၄ လမှ တစ်ခါ လာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ချို့ကျတော့ နည်းနည်းလေးပဲလာတာ၊ များများလာတာ စသဖြင့် ဓမ္မတာလာခြင်းနဲ့ပတ်သက်ပြီး ပုံစံမျိုးစုံ ဖြစ်တတ်ပါတယ်။  ဒီလိုမျိုး ရာသီမမှန်တဲ့ အဓိက အကြောင်းတရားက ဘာကြောင့်ပါလဲ။



Photo : Freepik

ရာသီမမှန်တာ ဘာကြောင့်လဲ

ရာသီသွေးပုံမှန်မလာတဲ့အကြောင်းအရာများစွာရှိနိုင်ပါတယ်။ တစ်ချို့ကတော့ စိတ်ဖိစီးမှုတွေများလို့ ၊ ကိုယ်ဝန်ရှိလို့၊ သားဥအိမ်မှာ ရေကြည်အိတ်ဖြစ်လို့ စတဲ့အကြောင်းတရားတွေပေါ်မူတည်ပါတယ်။ ဒါ့အပြင် အရမ်းပိန်လွန်းတာ ဒါမှမဟုတ် အဝလွန်တာ၊ သိုင်းရွိုက်ဟော်မုန်း အားနည်းတာ၊  တစ်ခြားရောဂါအခံတစ်ခုခုကြောင့် ရာသီသွေးမမှန်တာ စတဲ့အကြောင်းတရားတွေများစွာရှိနိုင်ပါတယ်။ 

တစ်ချို့ အမျိုးသမီးတွေမှာတော့ ရာသီသွေးစေပေါ်တဲ့အရွယ်တည်းက  သုံးလေး ငါးလလောက်မှ တစ်ခါ လာတယ်။ အာထရာဆောင်းရိုက်ကြည့်တဲ့အခါမှာလည်း ဘာရောဂါလက္ခဏာမှ မတွေ့ဘူးဆိုရင်တော့ ဒီလို ၃၊၄ လမှ တစ်ခါလာခြင်းက ပုံမှန်လို ဖြစ်နေတတ်ပါတယ်။ 

Photo : Freepik

ရာသီမမှန်ခြင်းကို ဆေးကုသလို့ရလား

ရာသီမမှန်ခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုဆေးကုသမလဲဆိုရင်အခြေအနေတွေ၊အကြောင်းတရားတွေ ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကုသမှုပေးခြင်းတော့ မတူပါဘူး။  တစ်ချို့ အမျိုးသမီးငယ်လေးတွေဆို ရာသီသွေးစပေါ်ကတည်းက တစ်လတစ်ခါ လာတာမျိုးမဟုတ်ဘဲ သုံး၊လေး၊ ငါးလလောက်မှာ တစ်ကြိမ်လာတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒါကြောင့်တစ်ယောက်နဲ့တစ်ယောက် ပုံမမှန်တဲ့အတွက် ကြောင့် သူတို့ဘယ်လိုဖြစ်ပျက်နေလဲဆိုတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ဆေးကုသွားရမှာပါ။

ရာသီမမှန်တတ်တဲ့သူတွေအနေနဲ့ ပုံမှန်ပြန်လာချင်တယ်ဆိုရင် သန္ဓေတားဆေးတွေသောက်နိုင်ပါတယ်။ အပျိုလည်းဖြစ်တယ်။ တခြားရောဂါအခံတွေလည်းမရှိဘူး။ ဒါပေမယ့် ပုံမှန်မလာဘူးဆိုရင်တော့အနည်းဆုံးသုံးလ ဟော်မုန်းဆေးတွေ ပေးနိုင်ပါတယ်။

ရာသီမမှန်တိုင်းစိုးရိမ်ဖို့မလိုပါ။

ရာသီပုံမှန်မလာပေမယ့်လည်း တစ်ခြားရောဂါလည်းမရှိဘူး။ သားဥရေကြည်အိတ်လည်း ရှိမနေဘူးဆိုရင် အထူးတလည် စိုးရိမ်စရာမရှိပါဘူး။ အမျိုးသမီးငယ်တွေမှာ ရာသီမမှန်လို့ အာထရာဆောင်းရိုက်ကြည့်လိုက်တဲ့အခါ သားဥအိမ်လည်းကောင်းတယ်။ သားအိမ်လည်းကောင်းတယ်ဆိုရင် အထူးတလည် သိပ်ပြီးစိတ်ပူစရာမလိုပါဘူး။ ပုံမှန်အားဆေးလေးတွေသောက်ပေးပါ။ ပုံမှန်လေ့ကျင့်ခန်းတွေလုပ်ပါ။ တကယ်လို့ ခြောက်လကျော်လောက်အထိ ရာသီသွေးပုံမှန်မဟုတ်ဘူးဆိုရင်တော့ ပုံမှန်ပြန်ဖြစ်အောင် ဟော်မုန်းဆေးတွေပေးတဲ့အခါ ပုံမှန်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Photo : Freepik

ပုံမှန်မလာခြင်းနောက်ဆက်တွဲ

ဒါပေမယ့် တစ်လတစ်ခါ ရာသီပုံမှန်မလာတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ ပုံမှန်လာတဲ့ အမျိုးသမီးတွေနဲ့ ယှဉ်ရင် ကလေးရဖို့ကတော့ အနည်းငယ်ခက်ခဲနိုင်ပါတယ်။လုံးဝကလေးမရနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

ဒါ့အပြင် ရာသီမမှန်ခြင်းရဲ့နောက်ဆက်တွဲ အဓိက အရေးကြီးဆုံးက  သားဥအိမ်မှာ ရေကြည်အိတ်ဖြစ်နေလားဆိုတာကို ဆန်းစစ်ရပါမယ်။ ရာသီက ပုံမှန်မဟုတ်ဘဲ များများလာနေရင် သားအိမ်ခေါင်းနဲ့ သားအိမ်ကိုယ်ထည်မှာ အသားလုံးများဖြစ်နေသလား ဆန်းစစ်ပါ။ ဒါမှမဟုတ် ရာသီသွေေး လုံးဝ မပေါ်ဘူးဆိုရင်တော့ သိုင်းရွိုက်နဲ့ တစ်ခြားရောဂါအခံရှိမရှိဆန်းစစ်ဖို့ လိုအပ်ပါတယ်။

“ ရာသီ ပုံမှန်ဘာကြောင့်မလာတာလဲလို့ ပြောခြင်းက ကျယ်ပြန့်ပါတယ်။  ရောဂါအခံတစ်ခုခုကြောင့်လား၊ အစကတည်းက ပုံမှန်မလာတတ်တာလား။ စိတ်ဖိစီးမှုလား စတဲ့ အကြောင်းတရားတွေ များစွာရှိပါတယ်။  ဒါကြောင့် ဘာကြောင့်မလာတာလဲဆိုတာကို ဆန်းစစ်ပါ။ ဒီအခြေအနေပေါ်မှာ မူတည်ပြီးတော့ ကုသနည်းတွေ ရှိပါတယ်။”  

သတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်အထူးကုဆေးရုံကြီးမှ ဝါရင့်သားဖွားနှင့်မီးယပ် အထူးကု ဆရာမကြီး ဒေါက်တာခိုင်မြတ်မင်းက အကြံပြုမျှဝေဆွေးနွေးပေးထားခြင်းဖြစ်ပါသည်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က