ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ဘာကာအတွက် ၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီးနောက် အော်ဘာမီယန်ဟာ လာလီဂါသွင်းဂိုး ၁၁ ဂိုးအထိရရှိခဲ့ပြီဖြစ်သလို ပြိုင်ပွဲစုံသွင်းဂိုးကလည်း ၁၃ ဂိုးအထိ ရှိလာခဲ့ပါပြီ။ ဒါဟာ ဘာစီလိုနာမှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ဒီပိုင်းနဲ့အတူ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလကမှ အသင်းကိုပြောင်းရွှေ့ခဲ့ပေမယ့် ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့တာပါ။
ဒီရာသီလာလီဂါမှာ သူ့ထက်ဂိုးပိုသွင်းထားသူ ၈ ဦးတည်သာရှိတယ်လို့လည်း သိရပြီး နူးကမ့်ကို ရာသီအစကတည်းက သူရောက်ခဲ့မယ်ဆိုရင် ဒီထက်မကတဲ့ သွင်းဂိုးတွေကို ရယူနိုင်မှာဖြစ်တယ်လို့လည်း ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှသာ အသင်းကိုရောက်ရှိခဲ့ပေမယ့် အချိန်တိုအတွင်းမှာပဲ အထိုင်ကျခဲ့ပြီး ဂိုးအများအပြားသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အာဆင်နယ်ကနေ ဘာစီလိုနာကို သူက အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဇာဗီရဲ့လက်အောက်မှာ အကောင်းဆုံးပုံစံပြသနေတာလည်းဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂါဘွန်တိုက်စစ်မှူးဟာ အာဆင်နယ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့နောက် ပွဲထွက်ခွင့်ပါ ပိတ်ပင်ခံခဲ့ရလို့ ဘာစီလိုနာကို အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းခါနီးမှာ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။
အော်ဘာမီယန်ရောက်လာပြီးနောက် သူ့လိုပဲ ခြေစွမ်းပြနေတာက ဒေါ့မွန်မှာအသင်းဖော်တွေဖြစ်ခဲ့ဖူးတဲ့ ဒမ်ဘီလီဖြစ်ပြီး အခုဆိုရင် လာလီဂါမှာ ၁၃ ကြိမ်အထိ သူက ဖန်တီးပေးပြီးဖြစ်ပါတယ်။ မနေ့ညကပွဲမှာလည်း ဒမ်ဘီလီက ၂ ကြိမ်ဖန်တီးပေးခဲ့ကာ ခြေစွမ်းပြခဲ့ပြီး ဒေါ့မွန်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ပြန်လည်ပိုင်ဆိုင်နေပြီလည်းဖြစ်ပါတယ်။