စတင်ရောင်းချစဉ်တုန်းက ဆီချက်တစ်ပွဲကိုမှ (၁၀)ကျပ်ပါ။

တိုက်ကြီးမြို့ကို ရောက်ရင် ကိုဘဲမရဲ့ ဆီချက်လေးကိုစားလိုက်ရမှ ဆိုတဲ့အထိအောင် နာမည်ကြီးတဲ့ နှစ် (၃၀) နီးပါးသက်တမ်းရှိတဲ့ ဆီချက်ဆိုင်လေးဖြစ်ပါတယ်။ 



မိသားစုဝမ်းရေးအတွက်စခဲ့တဲ့ ဆီချက်ဆိုင်လေး

ဒီဆိုင်လေးကို ၁၉၉၄ ခုနှစ်တုန်းက ဖခင်ဖြစ်သူနဲ့ ဦးစီးပြီး ဖွင့်လှစ်ခဲ့တာပါ။ ဈေးရောင်းတဲ့မျိုးရိုးမရှိပေမယ့် စားဝတ်နေရေးအတွက် အဆင်ပြေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆိုင်လေးကို စတင်ခဲ့တာလို့ ဆီချက်ဆိုင်ရှင် ကိုဘဲမက ဆိုပါတယ်။

“ ဆီချက်တစ်မျိုးတည်းကိုပဲ ခေါက်ဆွဲနဲ့ ကြာဇံနဲ့ စားလို့ရအောင်လုပ်ထားတာပါ။ စဖွင့်ကတည်းက ကျွန်တော်တစ်ယောက်တည်းပဲ အရသာနယ်တာပေါ့။ ဒါကြောင့်မို့လည်း အခုချိန်ထိ စားသုံးသူတွေအတွက် လက်ရာမပြောင်းလဲဘဲ ရှိနေတာပါ” လို့ ဆီချက်ဆိုင်ရှင်ကိုဘဲမက ဆိုပါတယ်။

တစ်ပွဲ (၁၀)ကျပ်ကနေ တစ်ပွဲ (၁၅၀၀)ကျပ်ခေတ်သို့ရောက်လာ

စတင်ရောင်းချစဉ်တုန်းက ဆီချက်တစ်ပွဲကိုမှ (၁၀)ကျပ်ပါ။ အခုတော့ နှစ်တွေ တဖြည်းဖြည်းကြာလာတာနဲ့အမျှ ကုန်ဈေးနှုန်းအလိုက်ပြောင်းလဲလာခဲ့ပြီး လက်ရှိမှာ ဆီချက်တစ်ပွဲ (၁၅၀၀) ကျပ်နဲ့ ရောင်းချပေးနေတာပါ။ လတ်တလောကာလအတွင်း ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပေမယ့် တစ်ပွဲ (၁၅၀၀) ကျပ်နဲ့ပဲ ရောင်းချနေဦးမယ်လို့ ဆိုပါတယ်။

“ဒီဆိုင်လေးက မိသားစုပုံမှန်စားဝတ်နေရေးလေး လောက်ငှရင် အဆင်ပြေပြီဆိုတဲ့စိတ်လေးနဲ့ပဲ ရောင်းတာပါ။ စားသုံးသူတွေကို ငွေရတာ တစ်ခုတည်းမဟုတ်ဘဲ စေတနာမေတ္တာအပြည့်နဲ့ ကောင်းကောင်းမွန်မွန်လုပ်ပေးပါတယ်” လို့ ကိုဘဲမက ဆိုပါတယ်။

မိသားစုအမွေအနှစ်အဖြစ်ရှိနေမယ့် ကိုဘဲမဆီချက် 

ဆီချက်ဆိုင်လေးကို ကိုဘဲမတို့ သားအဖ နှစ်ဦးက တပိုင်တနိုင်စတင်ရာက အခုတော့ မိသားစုလုပ်ငန်းလေးဖြစ်လာခဲ့တာပါ။ အပြင်အလုပ်သမားမရှိတာကြောင့် မိသားစုတွေ ဝိုင်းလုပ်ဝိုင်းစားရင်းနဲ့ပဲ ဒီလုပ်ငန်းလေးကို ရပ်တည်နေခဲ့တာလို့ ဆိုပါတယ်။

“ အလုပ်သမားမရှိတဲ့အတွက် ဝိုင်းလုပ်ဝိုင်းစားရင်းနဲ့ မိသားစုစားဝတ်နေရေးပြေလည်ရုံလောက်ပဲ လုပ်တာပါ။ ဒီလုပ်ငန်းလေးက ကျွန်တော်တို့ရဲ့ မျိုးရိုးစဉ်ဆက်လုပ်ငန်းလေးအဖြစ် ရှိနေမှာပါ။” လို့ ကိုဘဲမကဆိုပါတယ်။

နယ်ပေါင်းစုံက လာစားတဲ့ဆီချက်ဆိုင်လေး

ဒီဆိုင်လေးကို ရန်ကုန်မြို့က အပြင် အောင်လံ၊ပေါက်ခေါင်း ၊ ပဲခူးစတဲ့ နီးနီးဝေးဝေးက စားသုံးသူတွေ အမြဲလာစားကြပါတယ်။ တိုက်ကြီးမြို့ကို လာတဲ့သူတိုင်း ကိုဘဲမရဲ့ ဆီချက်ဆိုင်လေးမှာ တကူးတက လာစားကြတာပါ။ ယခင်ကဆို မနက် (၂) နာရီလောက်ကစဖွင့်တာဖြစ်ပြီး အဲဒီအချိန်ကတည်းက လာစားတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

“ အရင်ကဆို မနက် (၂) နာရီလောက်ကစဖွင့်တယ်။ အခုနောက်ပိုင်းမှ မနက် (၄) နာရီစဖွင့်တာ။ မနက်ပိုင်းလေးပဲ ရောင်းတာပါ။ ဖောက်သည်တွေကတော့ လက်ရာကိုနှစ်သက်တယ် အရသာကောင်းတယ် ပြောကြတယ် ’’ လို့ ဆိုပါတယ်။

ကိုဘဲမဆီချက်ဆိုင်မှာရနိုင်တဲ့စားပွဲတွေနဲ့ တည်နေရာ

ဒီဆိုင်လေးမှာ ဆီချက်အပြင် ကြက်သွေး၊ ဘဲသွေးသုပ်၊  အသဲအမြစ်သုပ် ၊ အဆီဗူးသုပ် ၊ ဘဲခြေထောက်ပေါင်း ကြက်ခြေထောက်ပေါင်း တို့လည်း ရနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် (၄) နာရီကနေ မနက် (၁၁) နာရီထိဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ တိုက်ကြီးမြို့နယ်၊ တောင်မြို့ပတ်လမ်း၊ ကမ္ဘောဇဘဏ်အနီး မှာဖြစ်ပြီး ကိုဘဲမ ဆီချက်ဆိုင်လို့ ပြောလိုက်ရင် လူတိုင်းသိကြတဲ့ဆိုင်လေးပါ။ ဒါကြောင့်မို့ တိုက်ကြီးဘက်ကို ရောက်ခဲ့ရင် ကိုဘဲမဆီချက်အရသာလေးကို မြည်းစမ်းကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်နော်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က