မက်ဆီက အသင်းရရှိခဲ့တဲ့ ၃ဂိုးစလုံးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။

ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ မက်ဆီကတော့ အဂျက်စီယိုနဲ့ပွဲကို ဝင်ကစားခဲ့ပြီး အသင်းရရှိခဲ့တဲ့ သွင်းဂိုး ၃ ဂိုးစလုံးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ မက်ဆီက ကိုယ်တိုင်တဂိုးသွင်းယူခဲ့ပြီး ဘတ်ပီအတွက် ၂ကြိမ်ဖန်တီးပေးခဲ့ကာ ဘတ်ပီက ၂ဂိုးအထိသွင်းပြီး မက်ဆီအတွက် တကြိမ်ပြန်ဖန်တီးပေးခဲ့တာပါ။ မက်ဆီကြောင့်ပဲ ဘတ်ပီလည်း ဂိုးတွေ ပိုသွင်းလာနိုင်နေပြီဖြစ်ပါတယ်။ 

မက်ဆီမကစားပေးနိုင်ခဲ့တဲ့ ၃ပွဲမှာ တပွဲကို ၁ ဂိုးရဖို့တောင် မနည်းအားထုတ်နေရတဲ့ ပီအက်စ်ဂျီတို့ အာဂျင်တီးနားသား ဝင်ကစားပေးချိန်မှတော့ ဂိုးတွေ အများကြီးသွင်းနိုင်ခဲ့ပါတယ်။ မက်ဆီရဲ့ သွင်းဂိုးဆိုရင် တော်တော်လေးအဆင့်အတန်းမြင့်မားခဲ့ပြီး ဘတ်ပီရဲ့ နောက်ပေါက်နဲ့ဖန်တီးပေးမှုကနေ ဂိုးသမားကိုပါ ကပ်သီးကပ်သတ်ကြားထဲက လိမ်ခေါက်ပြီး သွင်းယူခဲ့တာပါ။ 



ဒီရာသီမှာ မက်ဆီက ပြိုင်ပွဲစုံ ၁၅ ပွဲကစားပေးထားပြီး ၉ ဂိုးသွင်းကာ ဖန်တီးမှု ၁၀ ကြိမ်အထိရှိလာခဲ့ပါပြီ။ ပီအက်စ်ဂျီတိုက်စစ်နဲ့ ရလဒ်ပိုင်းတွေက မက်ဆီကစားနိုင်တာ၊ မကစားနိုင်တာဆိုတဲ့အပေါ်မှာ မူတည်နေပြီဆိုတာကလည်း တဖြည်းဖြည်းပေါ်လွင်လာခဲ့ပါပြီ။ မက်ဆီကို အားပြုပြီး တည်ဆောက်ထားတဲ့ကစားဟန်မှာ အာဂျင်တီးနားသားကြောင့် ဂိုးတွေရနေပြီး ရမှတ်တွေပါ ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ 

ဒီနိုင်ပွဲနဲ့အတူ ပီအက်စ်ဂျီက အမှတ်ပေးဇယားမှာ ၁ပွဲပိုကစားထားပြီး လောရီယန့်ကို ၆ မှတ်အထိ ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။ လိဂ်ရှုံးပွဲမရှိသေးသလို တိုက်စစ်အကောင်းဆုံးနဲ့ ခံစစ်အကောင်းဆုံးအသင်းအဖြစ်နဲ့လည်း ရပ်တည်နေကာ သူတို့အတွက် ပြည်တွင်းချန်ပီယံဖြစ်ဖို့က လွယ်ကူနေဆဲဖြစ်ပါတယ်။


ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ သူတို့တွေ ရုန်းကန်နေရဆဲဖြစ်ပြီး အုပ်စုအဆင့်ကနေ အလွယ်တကူတက်ရောက်နိုင်ပေမယ့် ရှုံးထွက်အဆင့်မှာ ဒီထက်ပိုကောင်းအောင် အားထုတ်ဖို့တော့ လိုအပ်နေပါသေးတယ်။ 

Share

Loading Next Article...
က္က