ရွန်းနီရဲ့ ဒီစီယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲမှာ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရွန်းနီဟာ ပြီးခဲ့တဲ့လအတွင်းမှာ ဒီစီယူနိုက်တက်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး အလုပ်ဗီဇာရရှိဖို့အတွက် စောင့်ဆိုင်းခဲ့ရပါတဘ်။
အခုချိန်မှာတော့ ရွန်းနီက ဒီစီယူနိုက်တက်ရဲ့ ပွဲစဥ်တွေကို စတင်ကိုင်တွယ်နိုင်ပြီဖြစ်ပြီး ဒီစီယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲမှာတင် အော်လန်ဒိုစီးတီးကို နောက်ကျသွင်းဂိုးတွေကြောင့် ၂-၁ ဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ ရလဒ်တွေဆိုးရွားနေတဲ့ ဒီစီယူနိုက်တက်၊ အရှေ့ပိုင်းကွန်ဖရင့်အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိနေတဲ့အသင်းအတွက် နောက်ဆုံးငါးပွဲမှာ ပထမဆုံးနိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ အော်လန်ဒိုစီးတီးက ဂျူနီယာအာဆိုက အသင်းအတွက် ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် (၉၀) ရဲ့ အချိန်ပိုတမိနစ်မှာတော့ ဒါကင်က ဒီစီယူနိုက်တက်အတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် လေးမိနစ်အကြာမှာတော့ ဖောင်တက်စ်က ဗော်လီကန်ချက်နဲ့အတူ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ရွန်းနီရဲ့ အသင်းသစ်ပွဲဦးထွက်က မျက်နှာပန်းလှခဲ့ရပါတယ်။
ရွန်းနီဟာ ကစားသမားဘဝမှာလည်း ဒီစီယူနိုက်တက်ကစားသမားအဖြစ်နဲ့ တနှစ်ခွဲကြာ ကစားခဲ့ဖူးပြီး အဲ့ဒီနောက်မှာမှ ဒါဘီကို ကစားသမား-နည်းပြအဖြစ် ပြောင်းရွှေ့ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီမှာ ရွန်းနီက ဒါဘီနည်းပြချုပ်အဖြစ် ကြိုးစားပေးခဲ့ပေမယ့် အသင်းက ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေကြောင့် ရမှတ် (၂၁) မှတ်လျှော့ခံရပြီး အင်္ဂလန်လိဂ်ဝမ်းကို တန်းဆင်းခဲ့ရပါတယ်။
အခု အသင်းသစ်နဲ့ ပွဲဦးထွက်နိုင်ပွဲရခဲ့တဲ့နောက် ရွန်းနီက “ကျနော်တို့ ဒီပွဲကို အနိုင်ရနိုင်တယ်ဆိုတာကို ကျနော် ယုံကြည်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ အသင်းကို ပိုပြီး အပေါင်းလက္ခဏာဆန်ဆန်ပြုမူဖို့၊ အလုပ်ပိုကြိုးစားဖို့ ကျနော် တိုက်တွန်းခဲ့ပြီး ဒုတိယပိုင်းကတော့ တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ ကစားသမားတွေအတွက် ဒါပဲ လိုအပ်တာပါ” လို့ ပြောကြားခဲ့ပါတယ်။
ရွန်းနီဟာ ဒါဘီကို ကိုင်တွယ်ချိန်မှာလည်း နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ပွဲတွေရှိခဲ့ပြီး အခု ဒီစီယူနိုက်တက်နည်းပြဘဝမှာလည်း ပွဲဦးထွက်နဲ့တင် ဒီလိုမျိုး အနိုင်ရခဲ့ပြန်တာကြောင့် ကစားသမားဘဝမှာရရှိခဲ့တဲ့ သရဲနီစိတ်ဓာတ်ကို နည်းပြဖြစ်ချိန်မှာ သူ့အသင်းသားတွေဆီ ရိုက်သွင်းနေပြီလို့ဆိုရတော့မှာပါ။