စပါးကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ရဲ့ ဒီရက်ပိုင်း အခြေအနေတွေက တော်တော်လေး စိတ်ပျက်ဖို့ကောင်းနေပြီး ဒဏ်ရာသတင်းတွေ၊ ကစားသမားတွေကို လက်လွှတ်ရမယ့် သတင်းတွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။
မေဆင်မောင့်ဟာ စပါးနဲ့ပွဲမှာ အသေးစား ဒဏ်ရာရရှိခဲ့ပြီး သူ့ရဲ့ တံကောက်ကြောဒဏ်ရာက ထင်သလောက် မပြင်းထန်ခဲ့ဘူးလို့ အားလုံးက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ဆေးစစ်မှုတွေအပြီးမှာတော့ ဒဏ်ရာက ထင်မှတ်ထားတာထက် ပိုမိုပြင်းထန်ခဲ့ပြီး (၄) ပတ်ကနေ (၆) ပတ်အထိ အနားယူရမယ်လို့ သိရှိရပါတယ်။
မေဆင်မောင့်ဟာ လက်ရှိနွေရာသီမှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်နှစ်ပွဲ ပါဝင်ကစားပြီးချိန်မှာ ဂိုးမသွင်းနိုင်၊ ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်သေးပါဘူး။ အခုချိန်မှာတော့ ဒဏ်ရာပါ ရရှိသွားခဲ့တာဖြစ်ပြီး ယူနိုက်တက်တို့ အပြောင်းအရွှေ့မပိတ်ခင် ကွင်းလယ်ကစားသမား ထပ်မံရှာဖွေရတော့မှာပါ။
ဒါ့အပြင် ယူနိုက်တက်ဂိုးသမား အိုနာနာကလည်း ကင်မရွန်းလက်ရွေးစင်အသင်းအတွက် လာမယ့်နှစ် အာဖရိကဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးသွားဖို့ ပြင်ဆင်နေပါတယ်။ ဒီပြိုင်ပွဲကို လာမယ့် ဇန်နဝါရီလ (၁၃) ရက်နေ့ကနေ ဖေဖော်ဝါရီလ (၁၁) ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အိုနာနာတစ်ယောက် ယူနိုက်တက်ရဲ့ ပွဲစဉ် လေးပွဲအထိကို လွဲချော်ရမှာပါ။
တကယ်လို့သာ အိုနာနာအနေနဲ့ ကင်မရွန်းနဲ့အတူ နောက်ထပ်အဆင့်တွေကို တက်ရောက်နိုင်ခဲ့ရင် စပါး၊ ဝုလ်ဗ်၊ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာတို့နဲ့ပွဲတွေကို လွဲချော်မှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်ကလည်း ဒီအတွက် အခုကတည်းက ပြင်ဆင်ထားပြီး ဖီနာဘာချီဂိုးသမားကို အိုနာနာရဲ့ အရန်အဖြစ် ခေါ်ယူထားပါတယ်။