ကိုရင်သီယန်မှာ လက်ရှိကစားပေးနေတာဖြစ်ပါတယ်။

အာဆင်နယ်ကထွက်ခွာပြီး ဘရာဇီးလ်ကလပ် ကိုရင်သီယန်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဝီလီယံက သူဟာ အာဆင်နယ်ကို ရောက်ပြီး ၃ လအကြာမှာပဲ ပြန်ထွက်ခွာချင်ခဲ့တာလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ အမ်းမရိတ်စ်မှာ သူ့အတွက် အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဝီလီယံကဖွင့်ဟခဲ့ပြီး ချယ်လ်ဆီးကနေ ပြောင်းရွှေ့လာခါစမှာ ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အာဆင်နယ်ကတော့ ဝီလီယံကို ၂၀၂၀ နွေရာသီမှာ ချယ်လ်ဆီးကနေ အလွတ်ခေါ်ယူခဲ့တာဖြစ်ပြီး ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘရာဇီးလ်သားဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာပဲ အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ငယ်ဘ၀ကလပ် ကိုရင်သီယန်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ကာ အာဆင်နယ်မှာ အဆင်မပြေဖြစ်ခဲမှုတွေအားလုံးကို အဆုံးသတ်သွားခဲ့ပါတယ်။

သူ့ရဲ့ထွက်ခွာမှုနဲ့ပတ်သက်ပြိး ဝီလီယံက ရီယိုဖာဒီနန်ရဲ့ YouTube Channel Five ကတဆင့် "ကျွန်တော်မပျော်ရွှင်ခဲ့ဘူး၊ ဒီအတွက် စွမ်းဆောင်ရည်ကောင်းလည်း မပြနိုင်ခဲ့ဘူး၊ အသေးစိတ်ကိုတော့ ကျနော်မပြောချင်ပေမယ့် မပျော်ရွှင်ခဲ့တာတော့ သေချာပါတယ်၊ အာဆင်နယ်ကို ရောက်ခါစမှာ ပျော်ရွှင်ခဲ့ပါတယ်၊ အစပိုင်းမှာ စိတ်အားတက်ကြွနေပြီး ကောင်းကောင်းလုပ်ပြချင်ခဲ့ပါတယ်၊ ကလပ်သစ်၊ အသင်းဖော်သစ်၊ စီမံကိန်းအသစ်တွေနဲ့ပေါ့"

"၃ လအကြာမှာတော့ ကျနော့်အေးဂျင့်ကို ငါ သွားချင်နေပြီလို့ ပြောလိုက်တယ်၊ အသင်းရဲ့ ဆိုးရွားတာတွေကိုမပြောချင်ပါဘူး၊ ဘာလို့လဲဆိုတော့ အာဆင်နယ်က အသင်းကြီးပါ၊ သမိုင်းကြောင်းလည်းကောင်းပါတယ်၊ ကစားသမားကောင်းတွေလည်းကစားနေပါတယ်၊ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး၊ ကျွန်တော့်ကစားသမားဘ၀မှာ အခက်ခဲဆုံးအချိန်တွေပါပဲ" လို့ ဆိုပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်နဲ့ လက်ကျန်စာချုပ် ၂ နှစ်အတွက် လစာတောင်မယူခဲ့သူဖြစ်ပါတယ်။ "ဟုတ်ပါတယ်၊ ပိုက်ဆံအများကြီး ကျနော်စွန့်လွှတ်ခဲ့တယ်၊ ဘ၀မှာ ပိုက်ဆံကအရေးအကြီးဆုံးမဟုတ်ပါဘူး၊ ပျော်ရွှင်နေဖို့လိုအပ်တာပါ၊ ကျနော့်ဇနီးကိုလည်း ငါ ဒီမှာမပျော်ဘူး၊ မနေချင်တော့ဘူး၊ အသင်းကနေ ထွက်ဖို့နည်းလမ်းရှာရမယ်လို့ ပြောခဲ့ပါတယ်၊ မနေချင်တဲ့နေရာမှာ ပိုက်ဆံကြောင့် နေနေရမှာက မမျှတပါဘူး" လို့ ဝီလီယံကထပ်ပြောခဲ့ပါတယ်။ 

Share

က္က