ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူဟယ်လ်က အသင်းနဲ့ပထမဆုံးပွဲမှာတင် ရှုံးပွဲကြုံတွေ့လိုက်ရတဲ့ တိုက်စစ်မှူးသစ် ဟယ်ရီကိန်းအတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဂျာမန်စူပါဖလားပွဲမှာ ဘိုင်ယန်မြူးနစ်တို့ လိုက်ပ်ဇစ်ကို သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။
ဒီပွဲမှာ ဟယ်ရီကိန်းက ပွဲထွက်ခွင့်မရခဲ့ပေမယ့် အရန်ခုံမှာ ပါဝင်လာခဲ့ပြီး အသင်းအတွက် လူစားဝင်ကစားပေးခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်ကစားသမားအဖြစ် တရားဝင်ကြေညာပြီး နာရီပိုင်းအတွင်းမှာတင် အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကတော့ တစ်ဂိုးမှပြန်မသွင်းနိုင်ခဲ့ဘဲ ရာသီအဖွင့်မှာ ဆုဖလားနဲ့ အောင်ပွဲခံနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။ အသင်းလိုက်ဆုဖလား မရဖူးသေးတဲ့ ဟယ်ရီကိန်းကလည်း အသင်းသစ်နဲ့ ပထမဆုံးပွဲမှာတင် ဖလားရရှိနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ တူဟယ်လ်က “ဟယ်ရီကိန်းအတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့က သူ့အတွက် လုံလောက်တဲ့ အခွင့်အရေးတွေကို မဖန်တီးပေးနိုင်ခဲ့ပါဘူး။ သူ့ကို စူပါဟီးရိုးတစ်ယောက်ဖြစ်လာဖို့ မမျှော်လင့်ထားပါဘူး။ သူ့ရဲ့ ပုံစံအတိုင်း ထိပ်တန်းဂိုးသွင်းရှင်၊ ထိပ်တန်းအရည်အသွေးနဲ့ လူတစ်ယောက်ဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်”
“သူက ကျွန်တော်တို့ကို အများကြီးကူညီပေးနိုင်မှာပါ။ သူ့ရဲ့ ခံယူချက်ကို ကျွန်တော်တို့ သေချာပေါက် လိုအပ်ပြီး သူ့အနေနဲ့ ကျွန်တော်တို့ဆီက ဘာမှသင်ယူစရာမလိုပါဘူး။ ကျွန်တော်တို့ကပဲ သူ့ဆီက သင်ယူရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ အဆိုပါပွဲရဲ့ ပွဲကစားချိန် (၆၃) မိနစ်မှာ ဘိုင်ယန်မြူးနစ်အတွက် လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။