အင်္ဂလန်ပရိသတ်တွေအတွက် ကာတာမှာကျင်းပမယ့် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲက အကျပ်ရိုက်စရာတွေ အများကြီးရှိနေတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။ ကာတာဟာ ဘာသာရေးစည်းကမ်းတင်းကျပ်တဲ့ နိုင်ငံတခုဖြစ်ပြီး အနောက်နိုင်ငံက ပရိသတ်တွေအတွက် အခက်အခဲအများအပြားရှိမှာပါ။
အထူးသဖြင့် ရောက်လေရာနိုင်ငံမှာ ဘောလုံးပွဲကြည့်ရင်း၊ အရက်သေစာသောက်စားရင်း မူးရူးသောင်းကျန်းလေ့ရှိတဲ့ အင်္ဂလန်ပရိသတ်တွေအတွက် ဘီယာဖိုး နဲ့ စည်းကမ်းသတ်မှတ်ချက်တွေအပြင် ဟိုတယ်ခစျေးနှုန်းတွေကပါ ခေါင်ခိုက်နေတယ်လို့ သိရှိရပါတယ်။ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ကာတာမှာ ဟိုတယ်တော်တော်များများ အခန်းပြည့်သွားပြီး အခန်းလွတ် အနည်းငယ်သာကျန်ရှိတယ်လို့ သိရှိရပါတယ်။
အင်္ဂလန်ပရိသတ်တွေအနေနဲ့ ဟိုတယ်မှာအိပ်စက်အနားယူဖို့အတွက် တညကို ပေါင် (၉) ထောင်အထိ ကုန်ကျမယ်လို့လည်း သိရှိရပါတယ်။ ဒါ့အပြင် ဘီယာနဲ့ဝိုင်စျေးနှုန်းတွေကလည်း ခေါင်ခိုက်နေပါတယ်။ နာမည်ကျော် Heineken ဘီယာတခွက်ကို (၁၁) ပေါင်ကျော်၊ ဝိုင်တခွက်ကို (၁၁) ပေါင်ဝန်းကျင် ပေးသောက်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် လူမြင်ကွင်းမှာ ဒီလိုမျိုး အရက်ဘီယာသောက်သုံးတာကို တွေ့ရှိခဲ့ပါက ကာတာရဲ့ တင်းကျပ်တဲ့ဥပဒေအရ ထောင်ဒဏ် (၆) လ ကျခံရဦးမှာပါ။ ဒါဟာ အင်္ဂလန်ပရိသတ်တွေအတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်ပဲဖြစ်ပါတယ်။ လက်ရွေးစင်ပွဲမဆိုထားနဲ့၊ ကလပ်အသင်းပွဲတွေမှာတောင် အင်္ဂလန်ပရိသတ်တွေက အဝေးကွင်းမှာ လိုက်ပါအားပေးရင်း မူးရူးသောင်းကျန်း ရန်ဖြစ်လေ့ရှိပါတယ်။
နောက်ဆုံးပြိုင်ပွဲပြီးချိန် ကာတာကနေ အင်္ဂလန်ကို တိုက်ရိုက်ပြန်မယ့်လေကြောင်းခရီးစဥ်အတွက်လည်း (၁,၀၆၃) ပေါင် ကုန်ကျမှာဖြစ်ပြီး ပွဲလက်မှတ်တွေအတွက်လည်း (၇၂၄) ပေါင် ကုန်ကျမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ကာတာကမ္ဘာ့ဖလားကို သွားရောက်အားပေးမယ့် အင်္ဂလန်ပရိသတ်တွေအနေနဲ့ ဘဏ်ထဲရှိသမျှ အကုန်ထုတ်ယူသွားဖို့ လိုအပ်တယ်လို့တောင်ဆိုနေကြပါတယ်။
အင်္ဂလန်ဟာ အုပ်စုဘီမှာ အမေရိကန်၊ အီရန်နဲ့ ဝေးလ်စ် / စကော့တလန် / ယူကရိန်း တသင်းသင်းနဲ့ ကစားရမှာဖြစ်ပြီး ပြိုင်ပွဲရဲ့ အဖွင့်ပွဲနေ့မှာတင် စတင်ကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ အင်္ဂလန်ပရိသတ်တွေဟာ ကာတာနိုင်ငံအတွင်းကို ဝင်ရောက်ဖို့အတွက်လည်း ပွဲလက်မှတ်တွေကြိုတင်ဝယ်ယူထားဖို့ လိုအပ်ပြီး အဲ့ဒီလိုမှမဟုတ်ရင်တော့ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ရရှိမှာမဟုတ်ဘူးလို့လည်း သိရှိရပါတယ်။