ရိုးမားနည်းပြ မော်ရင်ဟိုက မနေ့ညက လက်စတာနဲ့ ကစားခဲ့တဲ့ ယူရိုပါကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အပြီးမှာ ပြိုင်ဘက် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်ရဲ့ အင်တာဗျူးကို ဝင်ရောက် နောက်ပြောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒီပွဲမှာ လက်စတာနဲ့ရိုးမားတို့ တဖက်တဂိုးစီ သရေကျခဲ့တာပါ။
ရိုးမားက ပထမပိုင်းမှာ ပယ်လီဂရီနီရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မန်စီနီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် တဖက်တဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ လာမယ့်အပတ်မှာတော့ ဒုတိယအကျော့အဖြစ် ရိုးမားအိမ်ကွင်းမှာ သွားရောက်ကစားကြမှာပါ။
ဒီပွဲအပြီး မီဒီယာတွေနဲ့တွေ့ဆုံရာမှာ မော်ရင်ဟိုက “ဘရန်ဒန်ရော်ဂျာစ်က ကျနော့်ကို စျေးကွက်ထဲမှာ အကောင်းဆုံး ဝိုင်ပုလင်း လက်ဆောင်ပေးခဲ့ပါတယ်” လို့ စတင်ပြောကြားခဲ့ပြီးနောက် ရော်ဂျာစ်က “အဲ့ဒီဝိုင်ပုလင်းက အရမ်းစျေးကြီးတယ်ဗျာ” လို့ တုံ့ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နည်းပြနှစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောပျော်ရွှင်နေခဲ့ကြပါတယ်။
ရော်ဂျာစ်ရဲ့ ဒီပြောစကားကိုတော့ မော်ရင်ဟိုက “ဘရန်ဒန်ရော်ဂျာစ်က ကျနော့်ကို စျေးအကြီးဆုံးဝိုင်၊ အကောင်းဆုံးဝိုင် ဝယ်ပေးခဲ့တာပါ။ နောက်ပြီး သူငိုပါလေရောဗျာ။ ဘာလို့လဲဆိုတော့ အဲ့ဒီဝိုင်က စျေးအရမ်းကြီးလို့ပါ။ သူ အဲ့ဒီဝိုင်ကို ဘယ်လိုမျိုး ရှာတွေ့ခဲ့လဲတောင် မသိပါဘူး” လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။
မော်ရင်ဟိုဟာ လက်စတာနဲ့ဒီပွဲမတိုင်ခင်မှာလည်း (၂၀၁၈) တုန်းက ရဟတ်ယာဥ်ပျက်ကျမှုကြောင့် ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့ လက်စတာဥက္ကဌဟောင်း ဗီချိုင်းရဲ့ လက်စတာကွင်းပြင်က အမှတ်တရနေရာမှာလည်း ပန်းစည်းသွားချခဲ့ပါသေးတယ်။