ပြီးခဲ့တဲ့သောကြာက ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဥ်မှာ ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့တာဟာ ရော်နယ်ဒိုတယောက် အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တာကြောင့်လို့ စတိဗ်နီကိုးလ်က ဝေဖန်လိုက်ပါတယ်။ နီကိုးလ်ဟာ လီဗာပူးကစားသမားဟောင်းတယောက်ဖြစ်ပြီး အသင်းရဲ့အောင်မြင်တဲ့ကာလတွေမှာ အဓိကကျတဲ့ ကစားသမားတယောက်ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်တို့ ဆိုစီဒက်ကို တလုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ ရှုံးခဲ့တဲ့အပေါ်မှာတော့ နီကိုးလ်က အခုလိုပဲ ဝေဖန်ခဲ့ပါတယ်။ နီကိုးလ်က “ကျနော် ဒီပွဲအကြောင်းနဲ့ပတ်သက်လို့ အရိုးသားဆုံးပြောရရင် စိတ်ထဲအရင်ပေါ်လာတာက ရော်နယ်ဒိုပါပဲ။ သူက သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေးတကြိမ်မှာ ပြိုင်ဘက် နောက်ခံလူနှစ်ယောက်ရဲ့ လိုက်မှီတာကို ခံလိုက်ရပါတယ်”
“နောက်ပြီး သူ အခြားသောအခွင့်အရေးတွေလည်းရခဲ့ပါသေးတယ်။ ဒါပေမယ့် အခု ကျနော်ပြောတဲ့အခွင့်အရေးလောက် မကောင်းမွန်ခဲ့ပါဘူး။ ဒီဂိုးကလည်း အရာမထင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ယူနိုက်တက်နဲ့ဆိုစီဒက်ပွဲအကြောင်းကို စဥ်းစားလိုက်ရင် ရော်နယ်ဒိုရဲ့ အခွင့်အရေးတွေအကြောင်းပဲ ကျနော့်ခေါင်းထဲ ပေါ်လာပါတယ်”
“ဒီပွဲမှာ ယူနိုက်တက်ရော၊ ဆိုစီဒက်ရော နှစ်သင်းလုံး အခွင့်အရေးတွေ အများကြီးမရရှိခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ဒုတိယပိုင်းမှာ ပေးလိုက်ရတဲ့ အငြင်းပွားဖွယ် ပင်နယ်တီဂိုးကြောင့် တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ရော်နယ်ဒို ပြိုင်ဘက်ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခံရပေမယ့်လည်း ဒိုင်လူကြီးက မျက်ကွယ်ပြုခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းမှာရရှိခဲ့တဲ့ ရော်နယ်ဒိုရဲ့ခေါင်းတိုက်သွင်းဂိုးကလည်း လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ဒီပွဲအပါအဝင် ပြိုင်ပွဲစုံနှစ်ပွဲသာ ပွဲထွက်ခွင့်ရရှိထားသေးပြီး ကျန်တဲ့ပွဲတွေမှာတော့ အရံကစားသမားအဖြစ်နဲ့သာ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၂၄) ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုက လက်ရှိရာသီမှာတော့ သူပွဲထွက်ကစားခဲ့တဲ့ နှစ်ပွဲလုံးမှာ ဂိုးမသွင်းနိုင်သလို ယူနိုက်တက်ကလည်း ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။