ယူနိုက်တက်အသင်းဖော်တွေဟာ ရော်နယ်ဒိုရဲ့လုပ်ရပ်တွေအပေါ် စိတ်ပျက်နေကြပြီး သူ့ကို အသင်းကထွက်သွားစေချင်နေကြကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာခွင့်တောင်းခံပြီးနောက် အသင်းရဲ့ ရာသီကြိုခရီးစဥ်တခုလုံးကို လိုက်ပါခဲ့ခြင်းမရှိပါဘူး။
ရော်နယ်ဒိုဟာ ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲ ပထမပိုင်းမှသာ ယူနိုက်တက်အတွက် ပထမဆုံး ပြန်လည်ကစားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း ရော်နယ်ဒိုက အရံခုံထိုင်ခဲ့ရပြီး လူစားဝင်ကစာသမားအဖြစ်သာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး၊ အက်သလက်တီကိုတို့က ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမယ့် ကစားသမားကိုယ်တိုင်က အသင်းကနေ ထွက်ခွာလိုဆဲဖြစ်ပြီး စာချုပ်ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြောင်းလည်း သတင်းတွေထွက်ခဲ့ပါသေးတယ်။ အခုတခါမှာတော့ ရော်နယ်ဒိုအပေါ် ယူနိုက်တက်အသင်းဖော်တွေကလည်း စိတ်ပျက်လာတယ်လို့ The Sun သတင်းဌာနရဲ့ သတင်းရင်းမြစ်က ပြောကြားလာပါတယ်။
အဆိုပါသတင်းရင်းမြစ်က “အခုဆိုရင် ရော်နယ်ဒိုရဲ့ကိစ္စက ကစားသမားအများစုကို တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စေလာပါပြီ။ လေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုနဲ့အဆင်ပြေတဲ့ အသင်းဖော်တွေရှိနေဆဲဆိုပေမယ့် တော်တော်များများက ရော်နယ်ဒိုရဲ့လုပ်ရပ်တွေကို စိတ်ပျက်ငြီးငွေ့လာကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွင့်မရသေးပေမယ့် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားလေ့ကျင့်နေပြီး အချို့အသင်းဖော်တွေနဲ့အတူ အပိုလေ့ကျင့်ခန်းတွေကိုလည်း အတူတကွ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့အနာဂတ် မရေရာတဲ့ အနေအထားမှာ အသင်းဘက်ကလည်း အခက်တွေ့နေပြီး တိုက်စစ်မှူးသစ်တယောက်ကို စျေးကွက်ထဲမှာ ခပ်သွက်သွက်ရှာဖွေနေရပါတယ်။