အသင်းဖော်ဟောင်းဆီက လေ့လာသင်ယူခဲ့ရတာကို ပြောဆိုခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုနဲ့ အသင်းဖော်တွေအဖြစ် ရှိနေခဲ့တဲ့ ကာလတွေအတွင်း ပေါ်တူဂီကစားသမားဆီကနေ သူ အားလုံးကို သင်ယူလေ့လာခဲ့တယ်လို့ ဘန်ဇီမာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ရိးရဲလ်ကို ၂၀၀၉ ခုနှစ်မှာ ရောက်ရှိခဲ့ကြပြီးနောက် ရော်နယ်ဒိုက အဓိကကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကာ ဘန်ဇီမာကတော့ ရော်နယ်ဒိုကို အားဖြည့်ပေးရတဲ့ ကစားသမားအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရှိနေခဲ့တဲ့ ၉ နှစ်တာအတွင်းမှာ အောင်မြင်မှုတွေကို အတူတကွရယူနိုင်ခဲ့ပေမယ့် ဘန်ဇီမာကတော့ ရော်နယ်ဒိုရဲ့ တောက်ပမှုအောက်မှာ သူ့ရဲ့ အရည်အသွေးတွေကို ပြသနိုင်ဖို့ရာ အခွင့်အလမ်းနည်းပါးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုထွက်ခွာသွားချိန်မှာတော့ ဘန်ဇီမာက ရီးရဲလ်ရဲ့ အရေးအပါဆုံးကစားသမားအဖြစ် ရပ်တည်လာနိုင်ခဲ့ပြီး သူ့ရဲ့ တန်ဖိုးတွေကိုလည်း ပြသနိုင်ခဲ့ကာ အခုဆိုရင် အသင်းကို ဦးဆောင်သူအဖြစ်ပါ ရှိနေခဲ့ပြီဖြစ်ပါတယ်။ 

Onze Mondial နဲ့ တွေ့ဆုံချိန်မှာ ဘန်ဇီမာက "သူ ဘာလုပ်လဲဆိုတာကို ကျနော်ကြည့်တယ်၊ သူ့ရဲ့ လှုပ်ရှားမှုတွေကို ကျနော် အာရုံစိုက်နိုင်ဖို့ ကြိုးစားတယ်၊ Dribbling ၊ ပြီးတော့ အဆုံးသတ်တာတွေ၊ ပေးပို့တာတွေ၊ သူ ဘောလုံးကို ဘယ်လိုကိုင်တွယ်လဲဆိုတာတွေပေါ့၊ သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျနော်ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်"

"ဒါပေမယ့် သူ့လိုအောင်မြင်မှုမျိုး ရရှိဖို့ဆိုတာက မဖြစ်နိုင်ပါဘူး၊ ကျနော့်ခေါင်းထဲမှာ အကြောင်းအရာတွေအများကြီး ကျန်နေပါသေးတယ်၊ ကျနော် ဆုဖလားအများကြီး ထပ်လိုချင်တယ်၊ ချန်ပီယံလိဂ်ဖလားတွေထပ်ယူချင်တယ်၊ နိုင်ငံအသင်းနဲ့လည်း ကမ္ဘာ့ဖလားမှာ အောင်မြင်ချင်တယ်၊ ဒါတွေအားလုံးက ကျနော့်ရဲ့ အိပ်မက်ပါ"

"ကျနော့်ရဲ့ ရီးရဲလ်ကစားသမားဘ၀ ပထမဆုံးရာသီ၊ ပထမဆုံး ၆ လက အရမ်းခက်ခဲခဲ့ပါတယ်၊ ကျနော်တဦးတည်းရှိနေခဲ့ပြီး စပိန်လိုလည်းမပြောတတ်တော့ အရာရာတိုင်းမှာ စိတ်ရှုပ်ထွေးနေခဲ့ရတယ်၊ ကမ္ဘာသစ်တခုကို ကျနော်ရောက်ခဲ့သလိုပဲ၊ အသင်းသစ်တခု၊ ဘောလုံးကစားပုံမတူညီတဲ့နေရာတခု၊ ကံကောင်းတာက ကျနော်အရှုံးမပေးခဲ့တာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ၁၃ နှစ်ကြာအပြီးမှာတော့ ဘန်ဇီမာဟာ ရီးရဲလ်ရဲ့ ဂန္ထဝင်တဦးအဖြစ်ရပ်တည်လာနိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ၄၂ ဂိုးအထိသွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က