ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ ဆော်ဒီလိဂ်ချန်ပီယံကို ဝင်ရောက်ကစားခွင့်ပေးဖို့အတွက် ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ UEFA နဲ့ ဆွေးနွေးမှုတွေလုပ်သွားဖို့အတွက် ရှိနေပါတယ်။ ၂၀၂၄-၂၅ မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို အသင်းပေါင်း ၃၆ သင်းနဲ့ ကျင်းပသွားဖို့အတွက် သတင်းတွေထွက်နေချိန်မှာ ဆော်ဒီလိဂ်ချန်ပီယံကို Wild Card သဘောမျိုးနဲ့ ဝင်ကစားခွင့်ပေးဖို့ ကြိုးစားလာတာပါ။
ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ကိုလည်း ကြိုးစားနေတဲ့ ဆော်ဒီဟာ ဘောလုံးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာပါ ထင်ပေါ်လာစေဖို့ ရည်ရွယ်နေတာလို့လည်း သတင်းဌာနတွေက ဆိုပါတယ်။ သူတို့လိဂ်မှာ နာမည်ကျော်ကစားသမားတွေ အစုလိုက်အပြုံလိုက် လာရောက်ကစားနေတဲ့နောက်မှာ ဒါကို အားသာချက်တခုအဖြစ် အသုံးချလာခဲ့တာဖြစ်ပါတယ်။
ဒီအစီအစဉ်ဖြစ်လာဖို့အတွက်က ခဲယဉ်းပေမယ့်လည်း ဆော်ဒီရဲ့ ငွေကြေးအင်အား သုံးစွဲနိုင်မှုရှိနေတာက ဖြစ်လာနိုင်စရာ ရှိတဲ့အချက်လို့ ယူဆရပါတယ်။ UEFA ကလည်း ပြိုင်ပွဲကို ပရိသတ်ပိုမိုစိတ်ဝင်စားလာအောင် ဆော်ဒီလိဂ်ချန်ပီယံကို ဝင်ခွင့်ပေးပြီး အရှိန်မြှင့်တာမျိုး လုပ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
ဆော်ဒီကလပ်တွေမှာ ကမ္ဘာကျော်ကစားသမားတိုင်းလိုလို ပိုင်ဆိုင်ထားပြီးဖြစ်နေကာ လက်ရှိမှာလည်း ပရိသတ်စိတ်ဝင်စားမှုက မြင့်တက်နေတာ ငြင်းမရပါဘူး။ ရော်နယ်ဒို၊ ဘန်ဇီမာ၊ နေမာ၊ ကန်တေ၊ မာနေးတို့လို ပရိသတ်အကြိုက်ကစားသမားတွေကို ဥရောပချန်ပီယံလိဂ်မှာ ပြန်မြင်တွေ့ရမယ်ဆိုတဲ့ စိတ်ကူးကလည်း ယဉ်ချင်စရာကောင်းနေတာတော့ အမှန်ပါပဲ။ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရပါတော့မယ်။