ဘာစီလိုနာဘုတ်အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ တိုနီဖရိုင်ဇာက ရော်နယ်ဒိုအနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ကစားသင့်တယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ကတ်တလန်သားတစ်ယောက်ဖြစ်တဲ့ ဖရိုင်ဇာဟာ လက်ရှိအချိန်မှာ အသက် (၅၃) နှစ်ရှိနေပြီး ရှေ့နေတစ်ယောက်လည်းဖြစ်ပါတယ်။
သူ့အနေနဲ့ လာပေါ်တာ၊ ရိုဆဲလ်၊ ဘာတိုမြူတို့လို ဥက္ကဌတွေလက်အောက်မှာ ဘာစီလိုနာ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး (၂၀၁၅) မှာလည်း ဘာစီလိုနာဥက္ကဌ ရာထူးအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးသူတစ်ယောက်ပါ။ ဒါပေမယ့် အဲ့ဒီအချိန်က ဖရိုင်ဇာအနေနဲ့ ဥက္ကဌလောင်း (၄) ယောက်ယှဥ်ပြိုင်တဲ့နေရာမှာ (၄) ယောက်မြောက်နေရာသာ ရရှိခဲ့ပြီး မဲရာခိုင်နှုန်း (၃.၇) ရာခိုင်နှုန်းသာရရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဘာစီလိုနာနဲ့ ရော်နယ်ဒိုအပြောင်းအရွှေ့နဲ့ ပတ်သက်လို့ သူက ဒါကို ရူးချင်စရာကောင်းတဲ့ အရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပေမယ့် ဖြစ်သင့်တဲ့အပြောင်းအရွှေ့လို့လည်းဆိုခဲ့တာပါ။ ဖရိုင်ဇာက “တကယ်လို့ ဒီလိုမျိုး ရူးသွပ်တဲ့ကိစ္စတစ်ခု (ရော်နယ်ဒို ဘာစီလိုနာကို ပြောင်းရွှေ့တာကို ရည်ရွယ်သည်) အမှန်တကယ်ဖြစ်လာဦးမယ်ဆိုရင်တော့ အဲ့ဒီအချိန်က အခုချိန်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိ ယူနိုက်တက်ရဲ့ ရုန်းကန်နေရတဲ့ အခြေအနေတွေကို စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ဒီအခြေအနေတွေကို ပြောင်းလဲနိုင်ခြင်းမရှိရင် ရာသီကုန်ကျ အသင်းက ထွက်ခွာမယ်လို့ သတင်းတွေက ဖော်ပြနေတာပါ။ ဒါပေမယ့် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက်ကတော့ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို့ဆိုနိုင်ပါတယ်။
ဘာစီလိုနာအနေနဲ့ သူတို့ရဲ့ဂန္တဝင် မက်ဆီရဲ့ ခေတ်ပြိုင်ဘက် ရော်နယ်ဒိုကို ခေါ်ယူလိုဖွယ်မရှိသလို ခေါ်ယူလိုသည့်တိုင် ရော်နယ်ဒိုအတွက် ပေးချေရမယ့် လုပ်ခလစာက သူတို့အတွက် ပြဿနာရှိနေမှာပါ။
ဘာစီလိုနာကတော့ ဇာဗီ နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာတာကြောင့် မက်ဆီပြန်လာတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး မက်ဆီနဲ့ PSG တို့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် (၂၀၂၃) မှာ မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။