ယူနိုက်တက်ရှုံးပြီး အာဆင်နယ်နိုင်ပွဲရရှိခဲ့တာပါ။

ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာတော့ အာဆင်နယ်တို့ အဝေးကွင်းမှာ ဇူးရစ်ချ်ကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ယူနိုက်တက်ကတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာပဲ ဆိုစီဒက်ကို တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အာဆင်နယ်က ဂျီးဆပ်စ်၊ ဆာကာ၊ ဆာလီဘာ၊ ဘန်ဝှိုက်၊ ရမ်စ်ဒေးလ်တို့ မပါဝင်ခဲ့ဘဲ ဗီအဲရာ၊ အန်ကီတယာ၊ မာကွင်ဟိုစ်၊ မတ်တာနာတို့ ပွဲထွက်ခဲ့ပါတယ်။



အာဆင်နယ်အတွက် ဦးဆောင်ဂိုးကိုတော့ မာကွင်ဟိုစ်က အာဆင်နယ်ကစားသမားဘဝ ပထမဆုံး ပွဲဦးထွက်မှာတင် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမပြီးခင်မှာတင် ခရိုင်ဇူရဲ့ ပင်နယ်တီချေပဂိုးကို အာဆင်နယ်တို့ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးကို မာကွင်ဟိုစ်ရဲ့ ဖန်တီးပေးမှုကနေပဲ အန်ကီတီယာက သွင်းယူသွားခဲ့ပါတယ်။

ယူနိုက်တက်ကတော့ အိမ်ကွင်းမှာ ရော်နယ်ဒို၊ မက်ဂွိုင်းရား၊ ကက်စ်မဲရိုး၊ ဖရက်ဒ်၊ အန်တိုနီနဲ့ ဒီဂီယာတို့ကို ပွဲထုတ်ခဲ့ပေမယ့် ဆိုစီဒက်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ လီဆန်ဒရိုမာတီနက်ဇ်တို့ကို အနားပေးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ လီဆန်ဒရိုတို့ လူစားဝင်ကစားခဲ့ပါတယ်။ ယူနိုက်တက်ပေးလိုက်ရတဲ့ပင်နယ်တီကတော့ အငြင်းပွားစရာတွေရှိခဲ့ပါတယ်။

ဒေးဗစ်ဆေးလ်ဗားရဲ့ကန်ချက်ကို လီဆန်ဒရိုမာတီနက်ဇ် တားဆီးတဲ့နေရာမှာ လက်နဲ့ထိတယ်ဆိုပြီး အဝါကတ်ပြခဲ့သလို ပင်နယ်တီပါပေးလိုက်ရတာပါ။ ဆေးလ်ဗားရဲ့ကန်ချက်က လီဆန်ဒရိုရဲ့ခြေထောက်ကိုထိပြီးမှ တံတောင်ဆစ်နဲ့ထိခဲ့တာဖြစ်ပေမယ့် ပင်နယ်တီအဖြစ်သာ သတ်မှတ်ခံခဲ့ရပြီး မန်ဒက်ဇ်က ကန်သွင်းယူခဲ့ပါတယ်။

နောက်ပိုင်းမှာ ယူနိုက်တက်တို့ ဆက်တိုက် ဖိအားပေးခဲ့ပေမယ့် ချေပဂိုးပြန်မရခဲ့ဘဲ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက်တို့ ရော်နယ်ဒိုရဲ့ခေါင်းတိုက်ဂိုးရခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပြီး အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ယူရိုပါလိဂ်မှာ မတူညီတဲ့ရလဒ်တခုစီ ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က