ဒီနေ့မှာ မဲခွဲမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုတွေကို ဒီနေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာအချိန်ဆိုရင် ညနေ ၅း၃၀ နာရီလောက်ဖြစ်ပြီးတော့ ဘယ်အသင်းတွေတွေ့ဆုံမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အဓိကစိတ်ဝင်စားစရာအကောင်းဆုံးတော့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ သူတို့ရဲ့ အသင်းသစ်တွေကို ကိုယ်စားပြုပြီး ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရနိုင်ချေရှိနေတာပါပဲ။ 

အုပ်စုပထမရအသင်းတွေနဲ့ ဒုတိယရအသင်းတွေကို တွဲဖက်ပေးမှာဖြစ်ပြီး တနိုင်ငံတည်းက ကလပ်တွေနဲ့ အုပ်စုအဆင့်မှာရင်ဆိုင်ပြီးအသင်းတွေ ပြန်လည်တွေ့ဆုံခြင်းမရှိစေရဆိုတဲ့အချက်ကြောင့် ဒီအဆင့်မှာ နိုင်ငံတူအသင်းတွေ ထိပ်တိုက်တွေ့မှာတော့ မရှိပါဘူး။  ပထမရအသင်းတွေက ဦးစားပေးခံရပြီး ဒုတိယရအသင်းတွေကတော့ ဆီဒင်သတ်မှတ်ပေးခြင်းမခံရပါဘူး။ 

အုပ်စုပထမရအသင်းတွေဟာ ၁၆သင်းအဆင့် ဒုတိယအကျော့ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်လို့ တပန်းသာတယ်လို့တော့ ဆိုနိုင်ပါတယ်။ ၁၆ သင်းအဆင့်မှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ပါဝင်လာပြီး ချယ်လ်ဆီးတသင်းတည်းသာ အုပ်စုဒုတိယနေရာရခဲ့လို့ ပွဲကျပ်ရင်ဆိုင်ရမယ့် အလားအလာအရှိဆုံးလို့ ယူဆခံနေရပါတယ်။

သူတို့က အေဂျက်ဇ်၊ ဘိုင်ယန်၊ ရီးရဲလ်၊ လိုင်လီတို့နဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာပါ။ ပီအက်စ်ဂျီကတော့ အုပ်စုဒုတိယနေရာရခဲ့ပြီး မန်စီးတီးနဲ့တအုပ်စုတည်းကျခဲ့လို့ ပရီးမီးယားလိဂ်မှာ သူတို့ရင်ဆိုင်ရနိုင်တာက ယူနိုက်တက်နဲ့ လီဗာပူးလ်ပါ။ ယူနိုက်တက်နဲ့သာ တွေ့ခဲ့မယ်ဆိုရင်တော့ ရော်နယ်ဒို-မက်ဆီ အားပြိုင်မှုကို အသင်းသစ်ကိုယ်စီနဲ့ တမူထူးခြားစွာမြင်တွေ့ရဖို့လည်း ရှိနေပါတယ်။ 

ယူနိုက်တက်က ပီအက်စ်ဂျီအပြင် အင်တာမီလန်နဲ့ ရင်ဆိုင်ရနိုင်ချေလည်းရှိနေပြီး အဆိုပါနှစ်သင်းကိုသာ ရှောင်လွှဲနိုင်မယ်ဆိုရင် အခြေအနေကောင်းမယ်လို့ မျှော်လင့်ရပါတယ်။ လီဗာပူးလ်ကလည်း ထိုနည်းလည်းကောင်းဖြစ်ပြီး သူတို့ရဲ့လက်ရှိခြေစွမ်းကတော့ ဘယ်အသင်းနဲ့တွေ့တွေ့အန္တရာယ်ပေးနိုင်တာမို့ သိပ်မှုလောက်စရာတော့မရှိလောက်ပါဘူး။ မန်စီးတီးလည်းက ပီအက်စ်ဂျီနဲ့ အုပ်စုအဆင့်မှာတွေ့ထားလို့ ကျန်ပြိုင်ဘက်အသင်းတွေက သူတို့အတွက်တော့ ခြိမ်းခြောက်နိုင်တယ်ဆိုရုံလောက်ပဲရှိပြီး ပွဲချောင်မယ်လို့ ယူဆရပါတယ်။ 

Share

က္က