မနေ့ညက ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာတော့ ပေါ်တူဂီက ဆွီဒင်ကို ၅-၂ ဂိုးနဲ့ အနိင်ရရှိသွားခဲ့ပါတယ်။ ရော်နယ်ဒိုမပါဝင်ခဲ့ပေမယ့် ပေါ်တူဂီတိုက်စစ်ပိုင်းက ဂိုးရဖို့ကို ပူစရာမလိုခဲ့ဘဲ ဂိုးမိုးရွာသွားခဲ့တာဖြစ်ပါတယ်။



ဆွီဒင်ကတော့ ပေါ်တူဂီကို ဘယ်လိုမှ ယှဉ်ကစားနိုင်ခဲ့ခြင်းမရှိဘဲ လေးဂိုးပြတ်အထိ ဦးဆောင်ခံရတဲ့အထိပါ ဖြစ်ခဲ့တာပါ။ ပေါ်တူဂီအတွက် ဂိုးတွေကို ရာဖေးလ်လီယာအို၊ မာသီးယပ်စ်နူးနက်စ်၊ ဘရူနိုဖာနန်ဒက်စ်၊ ဘရူးမားနဲ့ ဂွန်ကာလိုရာမို့စ်တို့က သွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်က တစ်ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် တစ်ဂိုးဖန်တီးပြီး အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗားကလည်း ပေါ်တူဂီအတွက် တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သလို ညာနောက်ခံလူ ဆီမီဒိုကလည်း အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှု (၂) ကြိမ်အထိ ပြုလုပ်ပေးသွားခဲ့တာပါ။

ပေါ်တူဂီအတွက် ဝါရင့်နောက်ခံလူကြီး ပီပီအပါအဝင် ဂိုးသမား ရူအီပက်ထရီစီယို၊ ဆီမီဒို၊ ရူဘင်ဒီယက်စ်၊ နူနိုမန်ဒက်စ်၊ မာသီးယပ်စ်နူးနက်စ်၊ ပါလ်ဟင်ဟာ၊ ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ဂွန်ကာလို ရာမို့စ်နဲ့ ရာဖေးလ်လီယာအိုတို့ ပါဝင်ကစားခဲ့ပါတယ်။ ရော်နယ်ဒိုမပါတဲ့အချိန်မှာ မတူညီတဲ့ ကစားသမား (၅) ယောက်က (၅)​ ဂိုးသွင်းယူပေးခဲ့တာ ပေါ်တူဂီအတွက် ကျေနပ်စရာပါ။

ဒါ့အပြင် ရော်နယ်ဒိုမပါဝင်ချိန်မှာ ပေါ်တူဂီ ကစားသမားတွေ လွတ်လွတ်လပ်လပ်နဲ့ သူတို့ စိတ်ရှိတဲ့အတိုင်း အစွမ်းပြနိုင်တယ်ဆိုတာကလည်း ဒီပွဲရလဒ်ကြောင့် ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ပေါ်တူဂီရဲ့ လက်ရှိ လူစာရင်းက ရှေ့၊ လယ်၊ နောက် နေရာအစုံမှာ တောင့်တင်းနေဆဲဆိုတာကိုလည်း လက်ခံထားရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က