အယ်လ်နာဆာအသင်းရဲ့ အလားအလာနဲ့ပတ်သက်ပြီး နည်းပြရူဒီဂါစီယာက ထိန်းချုပ်မှုတွေ လုပ်နေတယ်လို့ ရော်နယ်ဒိုဘက်က ထင်မြင်နေကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ အသင်းအနေနဲ့ တိုးတက်မှုတွေရှိလာရမယ့်အပေါ်မှာ နည်းပြဖြစ်သူရဲ့ ပွဲချဉ်းကပ်ပုံနဲ့ စွမ်းဆောင်ရည်တွေအပေါ် ရော်နယ်ဒိုဘက်က သံသယဝင်နေတာဖြစ်ပါတယ်။
အယ်လ်ဖိုင်ဟာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ ရော်နယ်ဒိုက နည်းပြဖြစ်သူရဲ့ ပွဲအခင်းအကျင်းနဲ့ ပွဲချိန်တွင်းအပြောင်းအလဲလုပ်မှုတွေအပေါ် စိတ်ပျက်နေတယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလားတုန်းက ဖာနန်ဒိုဆန်းတို့စ်ရဲ့ ပွဲထွက်လူစာရင်းအပေါ် ရော်နယ်ဒိုဘက်က ကျေနပ်မှုမရှိခဲ့တာနဲ့ အလားသဏ္ဍာန်တူညီနေတယ်လို့လည်း သိရပါတယ်။
ဆော်ဒီဘက်က ဖော်ပြနေတဲ့ သတင်းတွေမှာတော့ ဂါစီယာဟာ အယ်လ်နာဆာနည်းပြဖြစ်ပြီး တနှစ်တောင်မပြည့်ခင်မှာပဲ ဖိအားတွေအောက်မှာ ရှိနေပြီလို့ ဆိုပါတယ်။ ပြင်သစ်နည်းပြအနေနဲ့ အသင်းကထွက်ခွာရတော့မယ့် အချိန်ရောက်နေပြီလို့တောင် ဖော်ပြမှုတွေရှိနေပြီး တချို့သတင်းဌာနတွေကတော့ နောက်ထပ် ၁ပွဲ အခွင့်အရေးပေးလိမ့်မယ်လို့ ရေးသားခဲ့ကြပါတယ်။
ရော်နယ်ဒိုဘက်ကသာ နည်းပြရဲ့ ဆောင်ရွက်မှုတွေအပေါ် ကျေနပ်မှုမရှိဖြစ်နေတယ်ဆိုတဲ့ သတင်းက အမှန်တကယ်သာဆိုရင်တော့ ဂါစီယာအတွက် အမှန်တကယ်စိုးရိမ်စရာတွေဖြစ်လာမှာပါ။ ရော်နယ်ဒိုရဲ့ စိတ်ဆန္ဒကို အယ်လ်နာဆာဘက်က ပိုမိုဦးစားပေးဖွယ်ရှိနေကာ ရာသီကုန် ဒါမှမဟုတ် အခုတပတ်ကစားမယ့် အယ်လ်ဟီလယ်နဲ့ပွဲမှာ ရလဒ်မကောင်းရင် နည်းပြဖြစ်သူနဲ့ လမ်းခွဲဖွယ်ရာရှိနေပါတယ်။
အယ်လ်နာဆာကို ရော်နယ်ဒို ပြောင်းရွှေ့ခါစတုန်းမှာ ကစားသမားအနေနဲ့ ဥရောပကို ပြန်သွားနိုင်တယ်လို့ ဂါစီယာဘက်က ပြောဆိုခဲ့ဖူးပြီး သူတို့နှစ်ဦးကြားဆက်ဆံရေးဟာ စကတည်းက ယဉ်သကိုကိုဆိုသလိုမျိုးတော့ ဖြစ်နေခဲ့ပါတယ်။