ယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ဒွိုက်ယော့ခ်က သူ့အနေနဲ့ လွန်ခဲ့တဲ့ (၆) လက ရော်နယ်ဒိုနဲ့ လျှို့ဝှက်စကားပြောဆိုမှုတွေရှိခဲ့ကြောင်း၊ ပြန်လည်ဖွင့်ချစရာ အချက်အလက်တွေလည်းရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒီအကြောင်းအရာတွေဟာ ယူနိုက်တက်အနေနဲ့ အပြင်ကို သတင်းပြန်မပေါက်စေတဲ့အကြောင်းအရာတွေဖြစ်တာကြောင့် သူ့ကို တိတ်တိတ်နေဖို့ ပိုက်ဆံပေးဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒုတိယရာသီဝက်ကစလို့ ယာယီနည်းပြဟောင်း ရန်းနစ်ဂ်လက်ထက်မှာ အဆင်မပြေခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ရန်းနစ်ဂ်က သူ့ရဲ့ Pressing ကစားဟန်မှာ ရော်နယ်ဒိုတယောက် အံမဝင်နိုင်ဘူးလို့ ယုံကြည်ခဲ့သလို ရော်နယ်ဒိုကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီမှာတည်းက ယူနိုက်တက်ကနေ ရောင်းချဖို့ တောင်းဆိုခဲ့သူပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းဆိုခဲ့ပေမယ့် အသင်းပြောင်းဖို့ အဆင်မပြေခဲ့ဘဲ လက်ရှိအသင်းမှာပဲ ဆက်ရှိနေခဲ့တာပါ။ ဒီလိုမျိုး ရော်နယ်ဒိုနဲ့ လွန်ခဲ့တဲ့ (၆) လ ဧပြီလအတွင်းမှာ စကားပြောဆိုခဲ့ပြီး ဒီအထဲမှာ လျှို့ဝှက်ချက်များစွာ ပါဝင်ကြောင်း ဒွိုက်ယော့ခ်က အခုလိုပဲ ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဒွိုက်ယော့ခ်က “ကျနော် ရော်နယ်ဒိုနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူ ပြောပြခဲ့တဲ့ အကြောင်းအရာတွေထဲမှာ ကျနော် ပြန်ဖွင့်ချချင်ရင် ဖွင့်ချလို့ရတဲ့ အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ ကျနော့်အထင် ယူနိုက်တက်က ကျနော် တိတ်တိတ်လေးနေအောင်လို့ ပေါင် (၅) သန်း ပေးကောင်းပေးနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီမှာလည်း ယူနိုက်တက်နည်းပြ တန်ဟက်ခ်နဲ့ မကြာခဏဆိုသလို အဖုအထစ်တွေဖြစ်ပေါ်နေပါတယ်။ ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်လို့ သီးသန့်အင်တာဗျူး ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ဖူးပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီအင်တာဗျူးအစီအစဥ်က အမှန်တကယ် အကောင်အထည်ပေါ်လာခဲ့ခြင်းမရှိပါဘူး။