ဝက်ဖို့ဒ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ ယူနိုက်တက်ယာယီနည်းပြရန်းဂ်နစ်ခ်ဟာ အသင်းတိုက်စစ်မှူးတွေကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ တပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၂၂ ကြိမ်အထိ ရရှိခဲ့ပေမယ့် တဂိုးမှမသွင်းနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ အသင်းတိုင်းအနိုင်ယူနေတဲ့ ဝက်ဖို့ဒ်ကို အိမ်ကွင်းမှာ တမှတ်ခွဲပေးခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ပါ ယိုယွင်းသွားခဲ့ပြီဖြစ်ပါတယ်။
"ဒီနေ့ပွဲမှာလုပ်သွားတဲ့ အခွင့်အရေးတွေထက် ပိုဖန်တီးလို့မရတော့ပါဘူး၊ အရမ်းစိတ်ပျက်စရာကောင်းတဲ့ နေ့ခင်းတခုပါပဲ၊ သေချာပေါက်အခွင့်အရေးတွေ ဖန်တီးပေးမယ်လို့ ပြောဖူးခဲ့ပါတယ်၊ တကယ်ဆိုရင် ကျနော်တို့ အနည်းဆုံးနှစ်ဂိုးလောက်ရခဲ့သင့်ပြီး ၁ ဂိုးသွင်းနိုင်ဖို့ဆိုတာက သေချာပေါက်ဖြစ်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး၊ ပထမပိုင်းမှာပဲ အခွင့်အရေး ၅ ကြိမ်လောက်ရခဲ့တာပါ"
"ဒုတိယပိုင်းမှာဆိုရင် နောက်ထပ် သုံးလေးကြိမ်လောက်ရှိပါတယ်၊ ဒီနေ့ပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ဖန်တီးမှုတွေရှိခဲ့ပါတယ်၊ တခါတလေမှာ ကံမကောင်းပါဘူး၊ တိုင်လည်းထိခဲ့တယ်၊ ဂိုးသမားနဲ့ တဦးချင်းအနေအထားလည်းရှိခဲ့ပြီး အဲဒါက ကံဆိုးတာမဟုတ်ပါဘူး ဂိုးပေါက်ရှေ့မှာ ဒီထက်ပိုပြီးပြတ်သားဖို့အတွက် မေးခွန်းထုတ်ရမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။