ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလူငယ်ကြယ်ပွင့်လေး ရိုဒရီဂိုက ရော်နယ်ဒိုကြောင့် ရီးရဲလ်မက်ဒရစ်ကို ချစ်မြတ်နိုးခဲ့ရတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပွဲစဥ်တွေအဖြစ် ချဲလ်ဆီး၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ အသင်းကို နောက်ကျဂိုးတွေနဲ့ ကယ်တင်ခဲ့တဲ့ ကစားသမားပါ။
ဒီကစားသမားလေးဟာ (၂၀၁၉) မှာ ရီးရဲလ်မက်ဒရစ်ကို စတင်ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ရာသီကတော့ သူ့အတွက် အတောက်ပဆုံးရာသီတခုဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လာမယ့်ရာသီမှာ အန်ဆယ်လော့တီရဲ့အသင်းအတွက် အဓိကအားထားရမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါ့အပြင် အသင်းနဲ့လည်း (၂၀၂၈) အထိ စာချုပ်သက်တမ်းတိုးလိုက်ပြီး ရီးရဲလ်မက်ဒရစ်ကို ချစ်မြတ်နိုးခဲ့တာနဲ့ ပတ်သက်လို့ ရော်နယ်ဒိုက အဓိကနေရာကနေ ပါဝင်ပတ်သက်ခဲ့တဲ့အကြောင်း အခုလိုပဲ ပြောကြားလိုက်ပါတယ်။ “ရော်နယ်ဒိုကြောင့် ကျနော် ရီးရဲလ်မက်ဒရစ်ကို ချစ်မြတ်နိုးခဲ့ရတာပါ။ အရင်တည်းကလည်း ဒီအသင်းကိုကြိုက်ပြီးသားပါ”
“ဒါပေမယ့်လည်း ရော်နယ်ဒိုကြောင့် ကျနော် ရီးရဲလ်မက်ဒရစ်ကို ပိုမိုစိတ်ဝင်စားခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားချင်တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်သာရထားတဲ့ ယူနိုက်တက်ကို စွန့်ခွာချင်နေတာပါ။
ဒီလိုအချိန်မျိုးမှာ ရိုဒရီဂို အခုလိုမျိုးပြောလိုက်တာက ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်ဆီ ပြန်လာဖို့ သွယ်ဝိုက်စည်းရုံးလိုက်တဲ့ စကားပဲလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်ဂျက်လေယာဥ်က စပို့တင်းလစ္စဘွန်းကနေ မက်ဒရစ်မြို့ကို ပျံသန်းခဲ့သေးတာကြောင့် ရော်နယ်ဒိုနဲ့ ရီးရဲလ်မက်ဒရစ်အကြား အဆက်အသွယ်တွေရှိနေမလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့ပါသေးတယ်။