ရော်နယ်ဒိုရဲ့အောင်ပွဲခံဟန်ကို ပိုလန်လက်ရွေးစင်နည်းပြက သဘောကျနေပြီး အဓိပ္ပာယ်ကို ပြောပြလာတာပါ။

ပိုလန်လက်ရွေးစင်နည်းပြ ပေါ်လိုဆူဆာက ရော်နယ်ဒိုရဲ့ “Siuuuuu” ဆိုတဲ့အောင်ပွဲခံဟန်ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ဂိုးသွင်းပြီးတိုင်း ပြင်းထန်အားပါတဲ့ဟန်နဲ့ “Siuuuuu” လို့အော်ဟစ်အောင်ပွဲခံလေ့ရှိပြီး ကမ္ဘာပေါ်က ဘောလုံးပရိသတ်တွေအပြင် နာမည်ကြီးကစားသမားအချို့ကပါ ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်း လိုက်လံအောင်ပွဲခံခဲ့ဖူးတာပါ။



ဆူဆာကတော့ ကစားသမားဘဝတုန်းက ရော်နယ်ဒိုရဲ့ အသင်းဟောင်း စပို့တင်းလစ္စဘွန်းနဲ့ ပေါ်တူဂီလက်ရွေးစင်တို့မှာ ကစားခဲ့ဖူးပြီး ရော်နယ်ဒို အသက် (၁၃) နှစ်အရွယ်တည်းက ရော်နယ်ဒိုရဲ့ ကောင်းကြောင်းတွေကို ကြားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ The Sunday Times နဲ့ တွေ့ဆုံခန်းမှာ ဆူဆာက “ရော်နယ်ဒိုကို သင်ကြားပေးနေတဲ့ နည်းပြတွေဆီက ကြားရသလောက် သူက အဲ့ဒီအရွယ် (အသက် (၁၃) နှစ်) မှာတင် တတ်နိုင်သလောက် အောင်မြင်မှုတွေရဖို့ ကြိုးစားနေတယ်လို့ သိခဲ့ရပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်နဲ့ ပတ်သက်လို့လည်း ဆူဆာက “ကျွန်တော် သူ့ရဲ့ အောင်ပွဲခံဟန်ကို ချစ်မြတ်နိုး သဘောကျပါတယ်။ ဒါက သူ့ရဲ့ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ‘ငါ ဒီမှာရှိနေပြီ’ လို့ အဓိပ္ပာယ်ရတဲ့ အောင်ပွဲခံဟန်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆူဆာဟာ (၂၀၂၁) အစောပိုင်းမှာ ပိုလန်လက်ရွေးစင်နည်းပြ ရာထူးကို စတင်တာဝန်ယူခဲ့ပြီး အခု တွေ့ဆုံခန်းမှာလည်း ရော်နယ်ဒိုအပြင် လီဝန်ဒေါစကီးကိုပါ ချီးကျူးခဲ့ပါသေးတယ်။ ဆူဆာက “လီဝန်ဒေါစကီးက သူ့ကိုယ်သူရော၊ အသင်းသားတွေဆီကပါ အမြဲတမ်း တောင်းဆိုမှုမြင့်မားပါတယ်။ ပြိုင်ဘက်နဲ့ပတ်သက်လို့ စကားပြောတဲ့အချိန်တိုင်း၊ ပြိုင်ဘက်ကို အကဲဖြတ်ချိန်တိုင်း၊ ပွဲအတွက် မဟာဗျူဟာတွေ ရေးဆွဲချိန်တိုင်း သူ့ဆီမှာ အမြဲတမ်း မေးခွန်းရှိပြီးသားပါ”

“သူက ကျွန်တော်နည်းပြဖူးသမျှရော၊ အတူတွဲကစားဖူးသမျှ ကစားသမားတွေထဲက အထူးချွန်ဆုံးတစ်ယောက်လည်းဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆူဆာရဲ့ ပိုလန်ဟာ မနေ့က ကစားခဲ့တဲ့ ဆန်မာရီနိုနဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ (၅) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး အောက်တိုဘာ (၁၃) မှာတော့ အယ်လ်ဘေးနီးယားကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ 

Share

က္က