ယူနိုက်တက်က ပထမပိုင်းမှာတင် ဂိုးပြတ်ရှုံးနေတာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းကတော့ ယူနိုက်တက်နဲ့ဘရိုက်တန်ပွဲ ပထမပိုင်းပြီးတဲ့နောက် ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ပရိသတ်အားလုံး သဘောကျရမယ့်စကားကို ပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက ပွဲထွက်ခွင့်မရရှိခဲ့ဘဲ အရံခုံမှာပဲ ထိုင်နေခဲ့ရတာပါ။



ဒါပေမယ့် ပထမပိုင်းမှာတင် ယူနိုက်တက်တို့ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ပြီး အဲ့ဒီအချိန် အရံခုံတန်းပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရော်နယ်ဒိုရဲ့ ပုံရိပ်တွေကလည်း မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ ရေပန်းစားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရွိုင်ကိန်းက “ရော်နယ်ဒို အစောကြီး ထမပြန်သွားတာကိုပဲ ကျနော် ဝမ်းသာပါတယ်” လို့ အရွှန်းဖောက်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။



ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက ကစားခဲ့တဲ့ ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲမှာ ပထမပိုင်း (၄၅) မိနစ် ပါဝင်ကစားပေးပြီးနောက် ဒုတိယပိုင်းမှာ ကွင်းထဲဆက်မနေတော့ဘဲ အိုးထရက်ဖို့ဒ်ကနေ စောစောစီးစီး ထွက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ရွိုင်ကိန်းက အခုဘရိုက်တန်နဲ့ပွဲမှာ ဒီအကြောင်းကို ထပ်မံအစဖော်ပြီး ပြောကြားသွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ဒုတိယပိုင်းမှာ ရော်နယ်ဒိုကို လူစားထည့်သွင်းကစားခဲ့ပြီး ဘရိုက်တန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် တဂိုးပြန်ရခဲ့ပေမယ့် သရေတမှတ်ရရှိအောင်တောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက်ခ်အတွက် ပရီးမီးယားလိဂ်နည်းပြဘဝ ပထမဆုံးပွဲ၊ အိမ်ကွင်းအိုးထရက်ဖို့ဒ် ပထမဆုံးပွဲမှာ တော်တော်လေး မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။

အသင်းကထွက်ခွင့်တောင်းထားတဲ့ ရော်နယ်ဒိုနဲ့ပတ်သက်လို့ ရွိုင်ကိန်းက ယူနိုက်တက်အနေနဲ့ အစားထိုးစရာ တိုက်စစ်မှူးမရှိဘဲ ရော်နယ်ဒိုကို မရောင်းချသင့်ကြောင်း၊ မာရှယ်လ်က အဖြေမဟုတ်ကြောင်း ပြောကြားထားပါသေးတယ်။ ယူနိုက်တက်ဟာ လာမယ့်သြဂုတ် (၁၃) စနေမှာတော့ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က