ရော်နယ်ဒိုအတွက် သတင်းကောင်းတစ်ခုကြားခဲ့ရတာဖြစ်ပါတယ်။

အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ် အမြွှာကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့အကြောင်း ရော်နယ်ဒိုက သူ့ရဲ့အင်စတာဂရမ်ကတစ်ဆင့် အသိပေးခဲ့ပါတယ်။ အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ချစ်သူ ဂျော်ဂျီနာရယ်၊ သူရယ်၊ အက်ထရာဆောင်းဓာတ်ပုံရယ်နဲ့အတူ အခုလိုမျိုး အသိပေးခဲ့ပြီး “ငါတို့ အမြွှာလေးရဖို့ မျှော်လင့်နေပြီလို့ ဝမ်းမြောက်ဝမ်းသာ ကြေညာလိုပါတယ်”



“ငါတို့နှလုံးသားတွေက ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေပြီး မင်းတို့ကို တွေ့ရဖို့ မစောင့်နိုင်တော့ပါဘူး” လို့လည်း ရော်နယ်ဒိုက ရေးသားခဲ့ပါတယ်။ အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုနဲ့ အသက် (၂၇) နှစ်အရွယ် ဂျော်ဂျီနာတို့ဆီမှာ လက်ရှိအချိန်အထိ ရင်သွေး (၄) ယောက်ရှိနှင့်ပြီးသားပါ။

အကြီးဆုံးကတော့ အသက် (၁၁) နှစ်အရွယ် ခရစ္စတီယာနိုဂျူနီယာ၊ အသက် (၄) နှစ်အရွယ် အမြွှာနှစ်ယောက်ဖြစ်တဲ့ အီဗာနဲ့မက်တီယို၊ အသက် (၃) နှစ်အရွယ် သမီးလေး အလာနာတို့ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အခု ဂျော်ဂျီနာလွယ်ထားရတဲ့ အမြွှာကိုယ်ဝန်က ရော်နယ်ဒိုအတွက် (၅) ယောက်မြောက်နဲ့ (၆) ယောက်မြောက်ရင်သွေးဖြစ်လာမှာပါ။

ဒါ့အပြင် ရော်နယ်ဒိုဟာ အခုအသိပေးခဲ့တဲ့ ဓာတ်ပုံအပြင် သူနဲ့အတူ လက်ရှိရင်သွေး (၄) ယောက် ရေကူးကန်ထဲမှာ အပန်းဖြေအနားယူနေပုံကိုလည်း တင်ထားခဲ့ပါသေးတယ်။ ရော်နယ်ဒိုနဲ့ဂျော်ဂျီနာတို့ရဲ့ ချစ်ဇာတ်လမ်းက တော်တော်လေး အချိန်ကြာခိုင်မြဲလာခဲ့ပါပြီ။

မကြာခင်က ရော်နယ်ဒိုရဲ့အမေနဲ့ ဂျော်ဂျီနာတို့အကြား အဆင်မပြေဖြစ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဒီကောလာဟလတွေ အကုန်လုံးကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဂျော်ဂျီနာကတော့ ရော်နယ်ဒိုဆီက လက်ထပ်ခွင့်တောင်းခံမှုကို အလိုရှိနေပြီလို့ဆိုထားပြီး ဒီအမြွှာရင်သွေး မွေးဖွားပြီးချိန်မှာ ရော်နယ်ဒိုရဲ့ မင်္ဂလာပွဲကို ပရိသတ်တွေ မြင်တွေ့ခွင့်ရမလား စောင့်ကြည့်ရတော့မှာပါ။ 

Share

က္က