ဇန်နဝါရီတည်းက ရော်နယ်ဒိုကို ရောင်းထုတ်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

ယူနိုက်တက်မှာ ယာယီနည်းပြအဖြစ် ဆောင်ရွက်သွားခဲ့တဲ့ ရန်းနစ်ဂ်ဟာ ရော်နယ်ဒိုကို ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာတည်းက ရောင်းထုတ်ခိုင်းခဲ့တယ်လို့ သိရှိရပါတယ်။ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာတော့ ရော်နယ်ဒိုက ယူနိုက်တက်ကနေ ထွက်ခွာလိုကြောင်း ပြောဆိုထားပါတယ်။



ရန်းနစ်ဂ်စရောက်ချိန်တည်းက ဒီနည်းပြရဲ့ကစားကွက်မှာ ရော်နယ်ဒို အံဝင်၊ မဝင် အငြင်းပွားခဲ့ကြပါတယ်။ ဒါပေမယ့် ရန်းနစ်ဂ်ကတော့ ရော်နယ်ဒိုကို အဓိက,ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရန်းနစ်ဂ်လက်ထက်မှာ ရော်နယ်ဒိုရော၊ ယူနိုက်တက်ရော ပိုမိုရုန်းကန်ခဲ့ရသလို ရန်းနစ်ဂ်ကလည်း အသင်းတွင်းပြဿနာတွေကို မဖုံးကွယ်ထားဘဲ အမှန်တိုင်းပြောဆိုလေ့ရှိပါတယ်။

အဲ့ဒါကြောင့်လည်း အသင်းရဲ့ဒါရိုက်တာ ဂျွန်မာတာ့ဖ်နဲ့ ရန်းနစ်ဂ်အကြား ဆက်ဆံရေးပြိုကွဲခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ The Athletic ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ဇန်နဝါရီအတွင်းမှာ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်၊ ဒါရိုက်တာ ဂျွန်မာတာ့ဖ်နဲ့ အသင်းအမှုဆောင်အရာရှိချုပ် ရစ်ချက်အာနိုးလ်တို့အကြား ရော်နယ်ဒိုကို ရောင်းထုတ်ရေးအတွက် အီးမေးလ်တွေအပြန်အလှန်ပို့ကာ အကျေအလည်ဆွေးနွေးခဲ့ကြပါတယ်။



အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ရော်နယ်ဒို ဒီလိုမျိုး အသင်းကနေ ထွက်ခွာခွင့်တောင်းခံလာမှာကို ရန်းနစ်ဂ်က ကြိုတင်ရိပ်စားမိခဲ့ပြီး အခြားကစားသမားတွေလည်း အလားတူပြုမူလာနိုင်တယ်လို့ဆိုခဲ့ပါတယ်။ ဒါ့အပြင် ရန်းနစ်ဂ်ဟာ ရော်နယ်ဒိုကို အသင်းရဲ့ရေရှည်အောင်မြင်မှုအတွက် အစိတ်အပိုင်းဖြစ်နိုင်မယ်လို့ မယူဆခဲ့ဘဲ မြန်နှုန်းမြင့်ဖိအားပေး ကစားဟန်နဲ့ကိုက်ညီတဲ့၊ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်တဲ့ ကစားသမားတွေကိုသာ ခေါ်ယူစေလိုခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်တာဝန်ရှိသူတွေကတော့ အသင်းပရိသတ်တွေရဲ့အချစ်တော်လည်းဖြစ်၊ နာမည်ကျော်လည်းဖြစ်တဲ့ ရော်နယ်ဒိုကို ရောင်းထုတ်ဖို့ ခွင့်မပြုခဲ့ပါဘူး။ ပုံမှန်အားဖြင့် ရော်နယ်ဒိုဟာ ဒီနေ့မှာ ယူနိုက်တက်နဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်အတွက် ကာရင်တန်ကို သတင်းပို့ရမှာဖြစ်ပေမယ့် မိသားစုကိစ္စကို အကြောင်းပြပြီး အသင်းနဲ့လာရောက်ပူးပေါင်းခြင်းမရှိသေးပါဘူး။ 

Share

Loading Next Article...
က္က