တောင်းဆန့်က အဲဗာတန်အတွက် ချေပဂိုးသွင်းပြီး ရော်နယ်ဒိုရဲ့အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံသွားခဲ့တာပါ။

အဲဗာတန် ကစားသမား တောင်းဆန့်ဟာ ယူနိုက်တက်ဘက်ကို ချေပဂိုးသွင်းယူပြီးချိန်မှာ ရော်နယ်ဒိုရဲ့ ကိုယ်ပိုင် အောင်ပွဲခံဟန်အတိုင်း အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ အောင်ပွဲခံပြသွားခဲ့ပါတယ်။



ယူနိုက်တက်နဲ့ အဲဗာတန်တို့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်တို့ တိုက်စစ်ကစားသမား မာစီရယ်လ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဂရေး၊ ဒူကူရီတို့ ဖန်တီးပေးတာကို တောင်းဆန့်က အပိုင်အသုံးချပြီး အိုးထရက်ဖို့ဒ်မှာ အမှတ်ခွဲယူသွားခဲ့တာပါ။


ဒီပွဲမှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ရော်နယ်ဒိုကို အရံခုံမှာသာ ထားခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန် (၅၇) မိနစ်မှ ကာဗာနီအစား လူစားထည့်သွင်းကစားခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုကံမကောင်းခဲ့ဘဲ သူဝင်လာပြီး (၁၀) မိနစ်မပြည့်ခင်မှာပဲ ယူနိုက်တက်တို့ ချေပဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

တောင်းဆန့်ဟာ ဂိုးသွင်းပြီးချိန်မှာ အိုးထရက်ဖို့ဒ်ကွင်းထဲကို လိုက်ပါအားပေးတဲ့ အဲဗာတန် ပရိသတ်တွေရှိရာ ပွဲကြည့်စင်ဘက်ခြမ်းကို ပြေးသွားပြီး “Siuuuu” ဆိုတဲ့ရော်နယ်ဒိုရဲ့အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက်တော့ ဒါဟာ မခံချိမခံသာမြင်ကွင်းဖြစ်ခဲ့ပြီး သူကိုယ်တိုင်လည်း လက်ကျန်ပွဲကစားချိန်တွေမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိပါဘူး။ ပွဲအပြီး မီဒီယာနဲ့တွေ့ဆုံတဲ့နေရာမှာ တောင်းဆန့်က သူ့အနေနဲ့ ဒီလိုအောင်ပွဲခံတာက ရော်နယ်ဒိုကို လှောင်ပြောင်လိုတဲ့ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

တောင်းဆန့်က “မကောင်းတဲ့အမြင်နဲ့မမြင်ကြပါနဲ့။ ရော်နယ်ဒိုက ကျွန်တော့်အတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ အဲ့ဒါကြောင့် ကျွန်တော် သူ့အတိုင်း လိုက်လံအောင်ပွဲခံခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဗီလာကိုရှုံးတဲ့ပွဲအပြီးမှာလည်း ဗီလာပရိသတ်တွေဟာ ပွဲအပြီး ကွင်းပြင်ကိုအရောက် ရော်နယ်ဒိုရဲ့ပုံစံအတိုင်း တစ်ယောက်တစ်လှည့် ဝိုင်းဖွဲ့အောင်ပွဲခံခဲ့ကြပါသေးတယ်။

Share

က္က