ဘော့စနီးယားနဲ့ပွဲမှာ ၂ဂိုးသွင်းယူပြီးနောက် ၂၀၂၃ အတွင်းမှာပဲ ရော်နယ်ဒိုရဲ့ ကလပ်နဲ့ နိုင်ငံသွင်းဂိုး ၄၀ အထိ ပြည့်သွားခဲ့ပါပြီ။ ဒါဟာ ဒီနှစ်အတွင်း သူ့ထက်ပိုပြီး ဂိုးသွင်းနိုင်တဲ့ ကစားသမားမရှိတော့တာဖြစ်ပြီး ဟာလန်းနဲ့ ဘတ်ပီတို့လို နာမည်ကျော်လူငယ်တိုက်စစ်ကစားသမားတွေထက်တောင် ရော်နယ်ဒိုက ဂိုးပိုသွင်းထားနိုင်တာလည်း ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် နောက်ဆုံးကစားခဲ့တဲ့ ၂ပွဲစလုံးမှာ တပွဲကို ၂ဂိုးနှုန်းသွင်းယူကာ ခြေစွမ်းပြခဲ့တာပါ။ ယူရိုခြေစစ်ပွဲတလျှောက်မှာလည်း သူက ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းကိုခြေစစ်ပွဲအောင်မြင်စေခဲ့ကာ ဘယ်လိုမှ ပစ်ပယ်လို့မရတဲ့ ကစားသမားတဦးအဖြစ် သူ ရှိနေသေးတယ်ဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ပရိသတ်တွေကတော့ သူတို့ကစားသမားဟာ အသက် ၃၈ နှစ်အရွယ်ရှိနေပြီဆိုပေမယ့် ၂၈ နှစ်အရွယ် ကစားသမားတဦးလိုမျိုး ကစားနေတယ်ဆိုပြီး ချီးကျူးနေကြပါတယ်။ ရော်နယ်ဒိုက အသက်လိမ်ထားတာပဲလို့လည်း နောက်ပြောင်နေခဲ့ကြကာ ပေါ်တူဂီသားရဲ့ စွမ်းဆောင်ရည်ကို အမွှမ်းတင်ခဲ့ကြပါတယ်။
နိုင်ငံတကာသွင်းဂိုးလည်း အများဆုံးသွင်းယူထားသူအဖြစ် ရော်နယ်ဒိုက ရပ်တည်နေခဲ့တာဖြစ်ပြီး သူ့ရဲ့ ဂိုးတွေရနေမှုက သူ့စံချိန်ကို လိုက်မီဖို့ ပိုမိုခက်ခဲနေစေပြီလည်း ဖြစ်ပါတယ်။ ပေါ်တူဂီဟာ ခြေစစ်ပွဲအဆင့်မှာ ပွဲတိုင်းအနိုင်ရခဲ့ပြီး ၃၂ ဂိုးသွင်းကာ ၂ဂိုးတည်းသာ ပြန်ပေးထားရတာလည်း ဖြစ်ပါတယ်။