ဘေးလ်ကတော့ သူ့အသင်းဖော်ဟောင်းအကြောင်းကို ဂေါ့ဖ်ရိုက်ရင်းနဲ့ ပြောကြားသွားခဲ့တာပါ။

ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဂါရတ်ဘေးလ်နဲ့ ရော်နယ်ဒိုတို့ဟာ နာမည်ကျော် BBC တိုက်စစ်အတွဲမှာ တွဲဖက်ညီခဲ့ကြပြီး ဘန်ဇီမာနဲ့အတူတူ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။



ရော်နယ်ဒိုနဲ့ တွဲကစားရတာနဲ့ ပတ်သက်လို့ ‌မေးမြန်းချိန်မှာတော့ ဂါရတ်ဘေးလ်က “ရော်နယ်ဒိုက အဆင်ပြေတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာ အချို့ အခိုက်အတန့်တွေရှိပါတယ်။ ဥပမာပြောရရင် ကျွန်တော်တို့က ပြိုင်ဘက်ကို (၅) ဂိုးပြတ်နဲ့ နိုင်ရင်တောင် သူ ဂိုးမသွင်းခဲ့ရင် အဝတ်လဲခန်းထဲဝင်လာပြီး သူ့ဖိနပ်တွေကို လွှင့်ပစ်ပြီး စိတ်ဆိုးဒေါသထွက်နေမှာပါ”



“ဒါမျိုးက Ryder Cup မှာ ခင်ဗျားက တစ်မှတ်မှမယူပေးနိုင်ဘဲ ခင်ဗျား အသင်းနိုင်သွားသလိုမျိုးပဲပေါ့။ ခင်ဗျားလည်း ဒီလိုဖြစ်ရင် ဒေါသထွက်မှာပါပဲ။ ရော်နယ်ဒိုကတော့ လူကောင်းပါပဲ။ ကျွန်တော်တို့ကြားမှာ တကယ်ကို ဘာပြဿနာမှမရှိခဲ့ပါဘူး။ သူက စိတ်ဓာတ်ပိုင်းလည်း ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားရင်း ဘလွန်းဒီအော်ဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီလိုမျိုး ဆွတ်ခူးနိုင်ချိန်မှာရော အသင်းဖော်တွေကို ရော်နယ်ဒိုက ကျေးဇူးတင်စကားပြောကြားလားဆိုပြီး ဂါရတ်ဘေးလ်ကို မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကိုလည်း ဂါရတ်ဘေးလ်က “ကျွန်တော့်အထင် သူ ကျေးဇူးတင်ခဲ့တယ်ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂါရတ်ဘေးလ်နဲ့ ရော်နယ်ဒိုတို့ဟာ တစ်သင်းတည်း တွဲကစားခဲ့ကြဖူးပေမယ့် ဆက်ဆံရေး မပြေလည်မှုတွေ ရှိကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။ ရော်နယ်ဒိုဟာ မာနကြီးမားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လုပ်ရပ်အချို့ကြောင့်လည်း ပရိသတ်တွေက ရော်နယ်ဒိုကို “တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်” အဖြစ် သတ်မှတ်ကာ ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က