ရော်နယ်ဒိုလိုလုပ်နိုင်တဲ့ ကစားသမားလည်း တစ်ယောက်မှမရှိဘူးလို့ ဖာဒီနန်ကဆိုပါသေးတယ်။
ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က အသင်းရဲ့လက်ရှိတိုက်စစ်မှူး ရော်နယ်ဒိုက သူ့ကိုယ်သူ ဘယ်လောက်အထိ ဂရုစိုက်တတ်သလဲ၊ အသေးစိတ်ကျတဲ့အရာတွေအထိ ဘယ်လိုမျိုးဆောင်ရွက်တတ်လဲဆိုတာကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။


ဖာဒီနန်ဟာ ရော်နယ်ဒိုနဲ့ပတ်သက်တဲ့ ဒီအကြောင်းအရာတွေကို လက်လွတ်စပယ်ပြောခဲ့တာမဟုတ်ဘဲ သူကိုယ်တိုင် ရော်နယ်ဒိုရဲ့အိမ်မှာ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြောင်းပြောပြခဲ့တာပါ။ လာမယ့်စနေညနေခင်းမှာ ဟဲဗီးဝိတ်ချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးစားရမယ့် ဂျိုရှူအာနဲ့ တွေ့ဆုံခန်းမှာ ဖာဒီနန်က အခုလိုပဲ ရော်နယ်ဒိုအကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


ဂျိုရှူအာက ရော်နယ်ဒိုလိုမျိုး အသက် (၃၆) နှစ်ရောက်တဲ့အထိ ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်အောင် ဘာတွေလုပ်ရမလဲလို့ မေးခဲ့ချိန်မှာ ဖာဒီနန်က “ကျွန်တော့်စိတ်ထင် ခင်ဗျား သတ္တိရှိဖို့ လိုအပ်ပါတယ်။ လူတွေက ရော်နယ်ဒိုရဲ့ ရဲစွမ်းသတ္တိအကြောင်းကို ဘယ်တော့မှမပြောပါဘူး။ ရော်နယ်ဒိုက စွန့်စားမှုတွေပြုလုပ်ဖို့ သတ္တိရှိခဲ့ပြီး နေရာဒေသသစ်တွေကို ရှာဖွေခဲ့ပါတယ်။ အခုထိလည်း သူကဒီအတိုင်းပါပဲ။ တကယ်ကို မပြောင်းလဲပါဘူး။”


“သူကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ဘောလုံးအားကစားနည်းကို ရော်နယ်ဒိုက အရိုးထဲအသားထဲမှာ စွဲလမ်းနေပြီး ဒီအတွက် အသေးစိတ်ကျတဲ့အရာတွေကို ဆောင်ရွက်နိုင်ဖို့အတွက်လည်း သူ့အနားမှာ အဖွဲ့တစ်ခု ဖွဲ့စည်းထားပါတယ်။ ကျွန်တော် သူ့အိမ်ကို တစ်ခါရောက်သွားတော့ ဧည့်ခန်းထဲမှာ လူ (၆) ယောက်၊ (၇) ယောက်လောက် ထိုင်နေတာကို တွေ့ရပါတယ်။”


“ကျွန်တော်က ဘယ်သူတွေလဲလို့မေးတော့ ဒီတစ်ယောက်က သီးသန့်အနှိပ်ဆရာ၊ ဒီတစ်ယောက်က အာဟာရဗေဒပညာရှင်၊ သူကတော့ ဆရာဝန်၊ ဒါကတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုဆိုင်ရာအရာရှိ၊ ဟိုဘက်က သီးသန့်စားဖိုမှူးဆိုပြီး တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ပေးခဲ့ပါတယ်။ သူ့ဆီမှာ ဒီလိုလူမျိုးတွေအကုန်ရှိပါတယ်။ တခြားဘယ်သူမှ သူ့လိုမလုပ်နိုင်ပါဘူး။ ရော်နယ်ဒိုက တကယ်ကိုအမျှော်အမြင်ကြီးတဲ့လူတစ်ယောက်ပါ။”


“သူ့ကိုယ်သူ တိုးတက်ဖို့အတွက်ဆိုရင် ရော်နယ်ဒိုက အမြဲတမ်း အသေးစိတ်ကအစ ဂရုစိုက်တတ်သူပါ။” လို့ ဖာဒီနန်က ချီးကျူးပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာချိန်မှာလည်း သူနဲ့ရင်းနှီးပြီးသား ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ပြီး (၂) ပွဲကစားပြီးချိန်မှာတင် သွင်းဂိုး (၃) ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာက ဒီလိုမျိုးအသေးစိတ်အထိ လိုက်လံဂရုစိုက်ထားတဲ့ အကျိုးဆက်တွေလို့ဆိုရရင်လည်း မမှားပါဘူး။ 

Share

က္က