ဂျူဗင်တပ်စ်နဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ကွာဒရာဒိုက အသင်းဖော်ဟောင်း ရော်နယ်ဒိုက သူ့ကို ဆော်ဒီမြေထံ မခေါ်ယူလိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ကွာဒရာဒိုက ဒီနှစ်နွေရာသီမှာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ဘဲ လက်ရှိအချိန်မှာတော့ အသင်းသစ် ရှာဖွေနေပါတယ်။
သူ့ကို ခေါ်ယူဖို့အတွက် ဥရောပက အသင်းအချို့အပြင် ဆော်ဒီကလပ်တွေကလည်း စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ဆော်ဒီကလပ်တွေဟာ လက်ရှိအချိန်မှာ ဥရောပက နာမည်ကျော် အချို့ကို ငွေကြေး မက်လုံးပေးပြီး သူတို့ဆီမှာ လာကစားဖို့ စည်းရုံးသိမ်းသွင်းလျက်ရှိပါတယ်။
နာမည်ကြီး ကစားသမားအချို့ကလည်း ဆော်ဒီမြေကို ရောက်ရှိနေကြပြီဆိုပေမယ့် ဆော်ဒီဘက်ကတော့ ဒီလောက်နဲ့ မကျေနပ်သေးဘဲ နောက်ထပ် နာမည်ကျော်တွေကို ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။ ဒီလိုအနေအထားမျိုးမှာ ကွာဒရာဒိုက “လက်ရှိအခိုက်အတန့်မှာတော့ ကျွန်တော်က စိတ်အားထက်သန်မှုနဲ့ ပြိုင်ပွဲဝင်လိုစိတ် ရှိနေဆဲပါ”
“ရော်နယ်ဒိုကတော့ ဆော်ဒီမှာရှိနေပြီး သူကျွန်တော့်ကို အဲ့ဒီမှာ မလိုချင်ပါဘူး။ ကျွန်တော်ကတော့ အရမ်းကို အေးဆေးဖြစ်နေဆဲပါ။ ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို စဥ်းစားနေပြီး ဘုရားသခင်ရဲ့ အကူအညီနဲ့ ဒါတွေကို ဆုံးဖြတ်သွားမှာပါ။ ကျွန်တော့်အေးဂျင့် အန်ဒရီမာတီနက်ဇ်ကလည်း ဥရောပမှာပဲရှိပြီး မတူညီတဲ့ အခြေအနေအမျိုးမျိုးကို ကျွန်တော့်ကို ပြောပြထားပါတယ်”
“သေချာတာက ရွေးချယ်စရာတွေရှိနေပြီး အကောင်းဆုံးဖြစ်မယ့်အရာကို ကျွန်တော်တို့ ခွဲခြမ်းစိတ်ဖြာသွားမှာပါ။ လက်ရှိအဆင့်အတန်းမျိုးမှာ (၈) နှစ်ကြာ ကစားနိုင်ခဲ့တဲ့အတွက် ကျွန်တော် ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရမှာပါ။ ကျွန်တော် အိပ်မက်မက်ခဲ့တာမှန်ပေမယ့် ဒါမျိုး အကြာကြီး ကစားနိုင်မယ်လို့ မထင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။