ယူနိုက်တက် နောက်ခံလူဟောင်း ဆီဗက်စတြာက အသင်းရဲ့ လက်ရှိတိုက်စစ်မှူး ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဝေဖန်မှုတွေအပေါ် ကာကွယ်ပြောကြားလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကို တကျော့ပြန် ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ (၁၅) ဂိုးသွင်းယူပေးထားပါတယ်။
ဒါပေမယ့်လည်း အသင်းနိုင်ပွဲပျောက်ဆုံးတိုင်း ရော်နယ်ဒိုက ဝေဖန်ခံနေရသလို နောက်ပိုင်းပွဲစဥ်တွေမှာလည်း ရော်နယ်ဒိုရဲ့ ခြေစွမ်းက သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ အထူးသဖြင့် ပြိုင်ပွဲစုံ နောက်ဆုံး (၁၀) ပွဲမှာ ရော်နယ်ဒိုက တဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒီအပေါ်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရော်နယ်ဒိုရင်ဆိုင်နေရတာပါ။
ဒီအပေါ်မှာ ယူနိုက်တက်နောက်ခံလူဟောင်း ဆီဗက်စတြာက “ဝေဖန်မှုတွေကတော့ သာမန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရော်နယ်ဒို ထမ်းပိုးခဲ့တဲ့ သူ့ရဲ့နာမည်ကြောင့် မျှော်လင့်ချက်တွေက သေချာပေါက်မြင့်မားမှာပါ။ ဒီတော့ ရော်နယ်ဒိုအနေနဲ့ ဒါမျိုးရင်ဆိုင်ရမှာက သာမန်ပါပဲ”
“အခု ဒီရာသီ အချက်အလက်မှတ်တမ်းတွေက သူ့အတွက် အလေးသာပါတယ်။ အထူးသဖြင့် အသင်းရဲ့ လက်ရှိအနေအထားနဲ့ ပတ်သက်လို့ပေါ့။ ရော်နယ်ဒိုကို ခေါ်လိုက်တာက အပေါင်းလက္ခဏာဆောင်တဲ့ ခေါ်ယူမှုတခုပါ။ သူ ပွဲတွေဆက်တိုက် ဂိုးမသွင်းနိုင်တဲ့အခါမျိုးမှာတောင်ပေါ့”
“ဒါပေမယ့် ဒီလိုမျိုးဂိုးပေါက်ပျောက်တာမျိုးတွေက ဖြစ်လာနိုင်တာပဲလေ။ သူက ရော်နယ်ဒိုပါ။ နတ်ဘုရားမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အသင်းရဲ့ တိုက်စစ်မှူးသစ် ခေါ်ယူရေးလိုအပ်ချက်နဲ့ ပတ်သက်လို့လည်း ဆီဗက်စတြာက အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။
ဆီဗက်စတြာက “ကာဗာနီရဲ့ စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာပါ။ ဒီတေတာ့ အသင်းအနေနဲ့ တတ်နိုင်သလောက်အကောင်းဆုံး ဗဟိုတိုက်စစ်မှူး လိုအပ်ပါတယ်။ သေချာပေါက် တယောက်ခေါ်ရပါမယ်။ လူတိုင်းလည်း ဒါကို သိကြမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။