မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းဖော်ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ကြား လမ်းခွဲတဲ့အကြောင်းနဲ့ပတ်သက်ပြီး သူတို့ဘာမှမပြောဖြစ်ခဲ့ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် ဘာဆိုဘာမှမပြောခဲ့ဘူးလို့လည်း သူက ဝန်ခံခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ နှစ်ဖက်သဘောတူလမ်းခွဲခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းလက်မဲ့ဖြစ်သွားခဲ့ပါပြီ။ ဒါကြောင့် ကမ္ဘာ့ဖလားအပြီးမှာ သူ့စိတ်ကြိုက်အသင်းကို ရွေးချယ်နိုင်မှာဖြစ်သလို သူ့ကိုခေါ်ယူချင်တဲ့ အသင်းတွေကလည်း အလွတ်ခေါ်ယူနိုင်မှာဖြစ်ကာ သူ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်ကို မေးမြန်းခဲ့ရာမှာတော့ "ရော်နယ်ဒိုက သူ့ရဲ့ ကစားသမားဘ၀နဲ့ သူ့မိသားစုအတွက် မတူညီတဲ့ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့တာပါ၊ ဒါကို ကျနော်တို့ လေးစားရပါလိမ့်မယ်၊ ဒီအကြောင်းကို ခရစ္စနဲ့လည်း ကျနော်မဆွေးနွေးဘူး၊ လက်ရွေးစင်အတွက်ပဲ အားလုံးက အာရုံစိုက်နေတယ်၊ သက်တောင့်သက်သာမဖြစ်ဘူးလို့မလည်း မခံစားရပါဘူး"
"ကျနော့်မှာ ဘယ်ဘက်ကိုရွေးပါ့မယ်ဆိုတာမျိုး လုပ်လို့မရဘူးလေ၊ သူနဲ့အတူ ယူနိုက်တက်မှာ တွဲဖက်ကစားဖို့ အိပ်မက်က တကယ်ဖြစ်လာခဲ့တယ်၊ ဒါပေမယ့် ဘယ်အရာမှ ထာ၀ရတည်မြဲတာမဟုတ်ပါဘူး၊ သူ့အတွက် ကမ္ဘာဖ့လားက ဘယ်လောက်အရေးပါလဲ ကျနော်တို့ သိတယ်၊ သူကလည်း အမြဲတမ်းအာရုံစိုက်နေတယ်၊ သူ့ဆုံးဖြတ်ချက်အကြောင်းလည်း ကျနော့်ကိုမပြောခဲ့ပါဘူး၊ ဒါက ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်ပါပဲ"
"ဒီအကြောင်း ပြောကိုမပြောဘူး၊ လူတိုင်းက ကမ္ဘာ့ဖလားနဲ့ လက်ရွေးစင်အတွက်ပဲ အာရုံစိုက်ပြီး ပန်းတိုင်သတ်မှတ်ထားပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အဲဗာတန်နဲ့ကစားခဲ့တဲ့ ပြီးခဲ့တဲ့ရာသီပွဲစဉ်မှာ ပြိုင်ဘက်ကလေးငယ်ရဲ့ ဖုန်းကို လက်နဲ့ရိုက်ချခဲ့တဲ့ ဖြစ်ရပ်အတွက် ပေါင် ၅ သောင်းနဲ့ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့လည်း သိရပါတယ်။