ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်ခ်က ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒိုကို ရောင်းချသွားမှာမဟုတ်ကြောင်း ဘန်ကောက်မြို့မှာ ပြုလုပ်လျက်ရှိတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ယူနိုက်တက်ကစားသမားစာရင်းမှာတော့ ရော်နယ်ဒို ပါဝင်နိုင်ခြင်းမရှိပါဘူး။



ရော်နယ်ဒိုဟာ မိသားစုကိစ္စအကြောင်းပြချက်တွေနဲ့ အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေကိုလည်း လွဲချော်ခဲ့ပြီး အသင်းရဲ့ ရာသီကြိုခရီးစဥ်ကိုပါ ဆက်တိုက်လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံထားပြီး မိသားစုကိစ္စဆိုတာက အကြောင်းပြချက်သပ်သပ်လို့သာ အားလုံးက ယူဆနေကြပါတယ်။

တန်ဟက်ခ်ဟာ ရော်နယ်ဒို အသင်းကထွက်ခွင့်တောင်းခံတယ်ဆိုတဲ့နောက်ပိုင်းတည်းကနေ အခုချိန်ထိ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ တစုံတရာမဖွင့်ဟခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ တန်ဟက်ခ်က “ရော်နယ်ဒိုက ရောင်းချဖို့ မဟုတ်ပါဘူး။ သူက ကျနော်တို့ရဲ့ စီမံကိန်းတွေမှာ ပါဝင်နေဆဲပါ။ အခုတော့ သူ ကျနော်တို့နဲ့ အတူမရှိနိုင်ပါဘူး”

“ဒါကလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာပြဿနာတွေကြောင့်ပါ။ လာမယ့်ရာသီသစ်အတွက် ကျနော်တို့ ရော်နယ်ဒိုနဲ့အတူ အစီအစဥ်တွေဆွဲနေပါတယ်။ ဒါပါပဲ။ ရော်နယ်ဒိုကို ပျော်အောင် ဘယ်လိုလုပ်ပေးရမလဲ ဟုတ်လား? ဒါတော့ ကျနော်လည်း မသိပါဘူး။ ကျနော်ကတော့ သူနဲ့ အလုပ်တွဲလုပ်ဖို့ပဲ ပြင်ဆင်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုကိုရောင်းချဖို့ ယူနိုက်တက်တာဝန်ရှိသူတွေကလည်း ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ အနေအထားက ကစားသမားကို ယူနိုက်တက်ကနေ မဖြစ်မနေ စွန့်ခွာဖို့ ဖိအားတရပ်ဖြစ်နေပြီး ရော်နယ်ဒို ယူနိုက်တက်မှာ ဆက်ရှိ၊ မရှိဆိုတာကို စောင့်ကြည့်ဖို့ လိုအပ်နေပါသေးတယ်။ 

Share

Loading Next Article...
က္က