ယူနိုက်တက်နဲ့ စပါး တိုက်စစ်မှူးဟောင်း အလန်ဘရာဇီးက ယူနိုက်တက်ကစားသမားတွေဟာ တန်ဟက်ခ်ရဲ့ ရော်နယ်ဒိုအပေါ် ပြုမူတဲ့ပုံစံတွေကြောင့် နည်းပြအပေါ် ထောက်ခံအားပေးမှု ကျဆင်းခဲ့ကြောင်း ဆိုပါတယ်။ တန်ဟက်ခ်ဟာ ရော်နယ်ဒိုကို အသင်းကနေ ရှင်းထုတ်ခဲ့တဲ့ အဓိကပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာပါ။
တန်ဟက်ခ် ယူနိုက်တက်ကို ရောက်လာချိန်မှာ ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှု၊ သူ့ရဲ့ နည်းစနစ်ပိုင်းတွေနဲ့ အံမဝင်မှုတို့ကို အကြောင်းပြပြီး ရော်နယ်ဒိုကို ဘေးပို့ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရော်နယ်ဒိုက တရားဝင်အင်တာဗျူးပြုလုပ်ကာ တန်ဟက်ခ်ကို မလေးစားကြောင်း ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုလည်း ယူနိုက်တက်နဲ့ လမ်းခွဲလိုက်ရပြီး ယူနိုက်တက် ကစားသမားတွေကလည်း တန်ဟက်ခ်ကို ဒီကိစ္စအတွက် မကျေမနပ်ဖြစ်ခဲ့ကြကြောင်း အလန်ဘရာဇီးက ဆိုပါတယ်။ အလန်ဘရာဇီးက “ဒီကိစ္စကို ကျွန်တော် ကြားခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားတစ်ယောက်က ကျွန်တော် ကောင်းကောင်းသိတဲ့ လူတစ်ယောက်ကို ပြောခဲ့တာပါ”
“ကစားသမားတွေက တန်ဟက်ခ်ဘက်မှာ လုံးဝမရှိနေဘူးဆိုပြီးတော့ပေါ့။ အားလုံးကို ခြုံကြည့်လိုက်ရင် ယူနိုက်တက် ကစားသမားတွေက ရော်နယ်ဒိုအပေါ် တန်ဟက်ခ် ဆက်ဆံခဲ့တဲ့ပုံစံကို သဘောမကျကြပါဘူး။ နောက်ပြီး ဆန်ချိုကလည်း ကစားသမားကောင်းလို့ သူတို့ ပြောနေကြပါတယ်”
“ဆန်ချိုက သူ့အလုပ်သူ အကောင်းဆုံး လုပ်တဲ့သူမျိုးလို့လည်း ကစားသမားတွေကြားထဲ ပြောနေကြပါတယ်။ အဲ့ဒီကစားသမားကပဲ နည်းပြနောက်မှာ ယူနိုက်တက် ကစားသမားတွေ မရှိဘူးဆိုတာကို ပြောခဲ့တာပါ” လို့ ပြန်လည် ဖောက်သည်ချသွားခဲ့တာဖြစ်ပါတယ်။