စပါးနဲ့ပွဲမှာ ယူနိုက်တက်အတွက် ဟက်ထရစ်သွင်းပေးခဲ့တဲ့ ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီကို အပတ်တိုင်းပြန်သင့်တယ်လို့ နည်းပြရန်းဂ်နစ်ခ်က ကျီစယ်လိုက်ပါတယ်။ မန်ချက်စတာဒါဘီပွဲလူစာရင်းမှာ မပါဝင်ခဲ့လို့ ရော်နယ်ဒိုက သိတ်ဆိုးပြီး ပေါ်တူဂီကိုပြန်သွားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီး စပါးနဲ့ပွဲမှာ ပြန်လည်ပါဝင်ခဲ့ကာ အသင်းအတွက် ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် အံ့အားသင့်ဖွယ်ခြေစွမ်းကို ပြသခဲ့ကာ စပါးကိုအနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။ ဒီသွင်းဂိုးတွေကြောင့် စံချိန်မှတ်တမ်းအများအပြားကိုလည်း ရော်နယ်ဒို ပိုင်ဆ်ုင်ခဲ့ပြီး အားလုံးရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ နည်းပြရန်းဂ်နစ်ခ်က ပွဲအပြီးမှာတော့ အခုလိုပြောဆိုခဲ့ပါတယ်။
"ရယ်စရာတော့ကောင်းပါတယ်၊ သူ့ကို ပေါ်တူဂီကို ၃ ရက်လောက် ပြန်လွှတ်လိုက်ရမလိုပါပဲ၊ ပြီးရင် သူ့ကို နှစ်ရက်လောက် လေ့ကျင့်ခန်းမဆင်းခိုင်းဘဲ ကြာသပတေးနေ့မှ လေ့ကျင့်ခန်းပြန်စပေါ့၊ သူ့ခြေစွမ်းအတွက် ဒီနည်းလမ်းပေါ့၊ ကျန်တဲ့တရာသီလုံး ဒီလိုလုပ်ရမယ်ထင်တယ်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က လေ့ကျင့်ကွင်းမှာ သူ ဒီလိုအဆင့်မျိုးရှိခဲ့ပြီး ပွဲထုတ်ဖို့ဆုံးဖြတ်ခဲ့တာပါ"
"သူက မတူညီတာတွေကို သေချာပေါက်လုပ်နိုင်သူပါ၊ သွင်းဂိုး ၃ ဂိုးတည်းမဟုတ်ပါဘူး၊ ကျနော် ဒီကိုရောက်ကတည်းက သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ပါပဲ၊ ဘောလုံးရှိချိန်မှာရော၊ မရှိချိန်မှာပါ၊ ဒီနေ့မှာ သူက ယူနိုက်တက်လို အသင်းအတွက် ကစားပေးနိုင်စွမ်းရှိတယ်ဆ်ုတာကို ပြသခဲ့ပါတယ်၊ ရာသီကုန်မှာ အောင်မြင်ချင်တယ်ဆိုရင် ကျနော်တို့ အတူတကွလုပ်ဆောင်ဖို့ လိုပါတယ်" လို့ ရန်းဂ်နစ်ခ်က ပြောဆိုခဲ့ပါတယ်။
ရော်နယ်ဒိုကို အသင်းဖော်ပေါ့ဂ်ဘာကလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး သမိုင်းတလျှောက်အကောင်းဆုံးတိုက်စစ်မှူးတဦးကို သူတို့ပိုင်ဆိုင်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။