စပိန်နိုင်ငံရှိ အီရန်သံရုံးက ရော်နယ်ဒိုကို အီရန်နိုင်ငံက အရေးယူမယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် တရားဝင်ကြေညာချက်ထုတ်ပြီး ငြင်းဆန်လိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အီရန်နိုင်ငံကို အာရှချန်ပီယံလိဂ်ပွဲကစားဖို့ ရောက်ရှိခဲ့ပါတယ်။
ဒီလိုမျိုး ရောက်ရှိခဲ့ချိန်မှာ ရော်နယ်ဒိုက သူ့ရဲ့ပရိသတ်လည်းဖြစ်၊ သူ့ပုံတူတွေလည်း ဆွဲပေးထားတဲ့ အမျိုးသမီးငယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုမျိုး တွေ့ဆုံခဲ့ချိန်မှာ ဟာမာမီလို့ခေါ်တဲ့ အဆိုပါအမျိုးသမီးငယ်ကို ပွေ့ဖက်၊ နမ်းရှုံ့ခဲ့တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါဟာ အီရန်နိုင်ငံရဲ့ ဘာသာရေးဆိုင်ရာဥပဒေတွေကို ဆန့်ကျင်ရာရောက်တယ်လို့ ရှေ့နေအချို့က ဝေဖန်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ရော်နယ်ဒို နောက်တစ်ခါ အီရန်ကို ရောက်ရှိလာခဲ့ရင် အပြစ်ပေးအရေးယူဖို့အထိ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ဒါပေမယ့် စပိန်နိုင်ငံ အီရန်သံရုံးက “ပါလက်စတိုင်းပြည်သူတွေ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ဒီလိုမျိုး အခြေအမြစ်မရှိတဲ့ သတင်းက လူတွေကြားထဲ ပျံ့နှံ့လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက်နေ့နဲ့ (၁၉) ရက်နေ့မှာ အီရန်မှာ ပွဲကစားဖို့ ရောက်လာတဲ့ ရော်နယ်ဒိုကို ပြည်သူတွေရော၊ အာဏာပိုင်တွေကပါ ကောင်းကောင်းကြိုဆိုခဲ့ပါတယ်”
“ဟာမာမီနဲ့ တွေ့ဆုံခဲ့တဲ့ သူ့ရဲ့ လူသားဆန်တဲ့ လုပ်ရပ်ကလည်း ပြည်သူတွေအတွက်ရော၊ အားကစားတာဝန်ရှိသူတွေအတွက်ပါ ချီးကျူးဂုဏ်ပြုစရာကောင်းပါတယ်” လို့ ကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။