သူ့စီမံကိန်းတွေနဲ့ မလိုက်ဖက်ခဲ့ဘူးလို့ ယူဆခဲ့ပေမယ့် အသင်းဘက်က ခေါ်ယူခဲ့တာပါ။

ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားဟာ ရော်နယ်ဒိုကို အသင်းဆီပြန်လည်ခေါ်ယူခဲ့မှုအတွက် နောင်တရနေတယ်လို့ သိရပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကို ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်က ပြန်လည်ခေါ်ယူခဲ့ရာမှာ ဆိုးလ်ရှားရဲ့ သဘောထားဆန္ဒမပါဝင်ဘဲ အသင်းဘုတ်အဖွဲ့ကသာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

ဆန်ချိုနဲ့ ဗာရာနီတို့ကို ဆိုးလ်ရှားက ခေါ်ယူခဲ့ပြီး ရော်နယ်ဒိုကိုတော့ ခေါ်ယူဖို့ ဆန္ဒမရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့အတွက် နီးစပ်နေချိန်မှာ ယူနိုက်တက်က ကြားဖြတ်ကာ ခေါ်ယူခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုးအထိကို သွင်းယူပေးခဲ့ပေမယ့် ဆိုးရှားလ်ကတော့ ဒီအပြောင်းအရွှေ့အတွက် နောင်တရနေခဲ့တယ်လို့ The Times က ဆိုပါတယ်။ 

ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုကပြောခဲ့ရာမှာ နော်ဝေသားက ရော်နယ်ဒိုဟာ သူ့ရဲ့စီမံကိန်းတွေနဲ့ အံဝင်ဂွင်ကျမဖြစ်ဘူးလို့ ယူဆခဲ့ကြောင်း ဆိုပါတယ်။ ဆိုးလ်ရှားက အသင်းကို လူငယ်ကစားသမားတွေ၊ တိုက်စစ်အသားပေးပုံစံနဲ့ ပုံဖော်ချင်နေခဲ့ပြီး အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုက သူ့အတွက် ပြသနာတခုလို့ ရှုမြင်ခဲ့ပါတယ်။ 

ဆိုးလ်ရှားလက်အောက်မှာ ရော်နယ်ဒိုက ဂိုးတွေသွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း တဖက်မှာတော့ အသင်းရလဒ်ပိုင်းနဲ့ ခြေစွမ်းက ကျဆင်းနေခဲ့ပြီး ဆိုးလ်ရှားလည်း ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ တော်တော်လေးဆိုးရွားတဲ့ ဘောလုံးရာသီကိုလည်း ယူနိုက်တက်တို့ ရင်ဆိုင်ခဲ့ရပြီး နည်းပြအပြောင်းအလဲတွေပြုလုပ်ခဲ့ရပြီး ရာသီကုန်မှာတော့ ကံကောင်းလို့သာ ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ 

ဆိုးလ်ရှားအထုတ်ခံရချိန်မှာ ကာရစ်က ယာယီနည်းပြအဖြစ် ပွဲအနည်းငယ်တာဝန်ယူခဲ့ပြီး အဲဒီနောက်မှာ ရန်းဂ်နစ်ခ်ကို ရာသီကုန်ထိ ခန့်အပ်ခဲ့ပါတယ်။ အခုအခါ တန်ဟက်ဂျ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ထားပြီး ရန်းဂ်နစ်ခ်ကလည်း အကြံပေးရာထူးဆက်မယူတော့ဘဲ အသင်းကထွက်ခွာတော့မှာဖြစ်ပါတယ်။ 

Share

က္က