အီတလီသတင်းဌာန Retesport က ရိုးမားအသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံကိုကြိုးစားနေတယ်လို့ ဖော်ပြလိုက်ပါတယ်။ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ယူနိုက်တက်ရဲ့ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ကြန့်ကြာနေမှုတွေအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရော်နယ်ဒိုက အသင်းကထွက်မယ်လို့ သတင်းတွေထွက်လာချိန်မှာ ရိုးမားဘက်က လှုပ်ရှားလာခဲ့တာပါ။
ရိုးမားနောက်ခံလူဟောင်းတဦးဖြစ်တဲ့ ဖေဘီယိုပီထရူဇီက Retesport ကို ပြောဆိုခဲ့ရာမှာ ရော်နယ်ဒိုအတွက် ရိုးမားက ခေါ်ယူနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေတဲ့ အသင်းဟောင်းရဲ့ အချက်အလက်တွေကို သူရရှိထားတယ်လို့ ဖွင့်ဟခဲ့တာပါ။ ဒါဟာ ရော်နယ်ဒိုနဲ့ မော်ရင်ဟိုတို့ နောက်ထပ်တကြိမ်လက်တွဲတာကို ပြန်လည်မြင်တွေ့နိုင်မယ့် အနေအထားမျိုးလည်းဖြစ်ပါတယ်။
သူတို့နှစ်ဦးက ရီးရဲလ်မက်ဒရစ်မှာ လက်တွဲခဲ့သူတွေဖြစ်ပြီး ပေါ်တူဂီသားအချင်းချင်းဖြစ်တာကြောင့် ပိုမိုအဆင်ပြေခဲ့ကြပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း ဂျူဗီနဲ့အတူ စီးရီးအေမှာ ၃ ရာသီကြာကစားခဲ့ဖူးလို့ ရိုးမားကို ပြောင်းရွှေ့မယ်ဆိုလည်း သူ့အတွက်တော့ အခက်အခဲရှိမှာမဟုတ်ဘဲ မော်ရင်ဟိုလက်အောက်မှာ အဆင်ပြေပြေကစားနိုင်မယ့် အနေအထားမှာရှိပါတယ်။
ယူနိုက်တက်ကတော့ နည်းပြသစ်အဖြစ် တန်ဟက်ဂျ်ကိုခန့်အပ်ထးပေမယ့် လက်ရှိအချိန်ထိတော့ သူ လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးနိုင်ခြင်းမရှိသေးပါဘူး။ ရော်နယ်ဒိုကတော့ အသင်းရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်ပေါ်နေပါတယ်။
ယူနိုက်တက်နည်းတူ ရိုးမားကလည်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိထားတဲ့ အသင်းဖြစ်ပါတယ်။